မော်လမြိုင်၊ မတ် ၂၅
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စက်သုံးဆီ တရားမဝင် ရောင်းချမှုနဲ့ ဆီဆိုင်ပိုင်ရှင်တွေအပါအဝင် လုပ်ငန်းတာဝန်ရှိသူ ၇ ဦး ဖမ်းဆီးအရေးယူခံထားရတယ်လို့ စစ်ကော်မရှင်နဲ့နီးစပ်သူတွေထံကနေ သိရပါတယ်။
ဌာနစုံပါဝင်တဲ့ စစ်ကော်မရှင်ပူးပေါင်းအဖွဲ့တွေဟာ ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့ကစလို့ စက်သုံးဆီ ရောင်းချမှုအပါအဝင် စုံမ ယာဉ်စနစ်နဲ့ စက်သုံးဆီ ရောင်းချမှု ရှိမရှိကို ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တာပါ။
အဲဒီလို စစ်ဆေးစဉ် စက်သုံးဆီတွေကို ပုံး၊ပေပါတွေနဲ့ ရောင်းချတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မင်းသန့် စက်သုံးဆီအရောင်းဆိုင် ပိုင်ရှင်ဖြစ်သူ ဦးလှဝင်းခိုင်၊ အထွေထွေမန်နေဂျာ ဦးမင်းရဲထွန်း၊ မင်းသန့်(၁) စက်သုံးဆီအရောင်းဆိုင် မန်နေဂျာဖြစ်သူ ဦးဇော်မင်းအောင်တို့ကို ဖမ်းဆီးခဲ့တာပါ။
ဒ့ါအပြင် မိဘမေတ္တာစက်သုံးဆီအရောင်းဆိုင်ပိုင်ရှင် ဦးမြင့်ဇော်ဦး၊ ဆိုင်မန်နေဂျာဖြစ်သူ ကိုကိုလတ်၊ “စွမ်းမြန်မာ”စက်သုံးဆီဆိုင်ပိုင်ရှင်ဖြစ်သူ ဦးစိန်တင်၊ဂိုဒေါင်တာဝန်ခံ ကိုဇေယျာမင်းတို့ကိုလည်း ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
ဖမ်ဆီးခံရသူတွေကို သက်ဆိုင်ရာ နယ်မြေရဲစခန်းတွေမှာ ရေနံနှင့် ရေနံထွက်ပစ္စည်းများဆိုင်ရာ ဥပဒေပုဒ်မ ၃၉ (က)နဲ့အမှုဖွင့်အရေးယူထားပြီး အဲဒီပုဒ်မအရ ပြစ်မှုထင်ရှားပါက အနည်းဆုံးငွေဒဏ် ကျပ် ၅ သိန်းကနေ ကျပ်သိန်း ၅၀ ဖြစ်စေ၊ ၆ လထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ ပြစ်ဒဏ်နှစ်ရပ်လုံး ချမှတ်ခံရနိုင်ပါတယ်။
စစ်ကော်မရှင်ဟာ ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်နေ့ကလည်း မော်လမြိုင်မြို့မှာ စုံမယာဉ်စနစ် မောင်းနှင်ရမယ်ဆိုတဲ့ သတ်မှတ်စည်းကမ်းချက် မလိုက်နာမှုနဲ့ လူပေါင်း ၂၀ နီးပါး အရေးယူထားတယ်လို့ မွန်ပြည်နယ်ရဲတပ်ဖွဲ့ထံကနေ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

