သရက်ချောင်း၊ မတ် ၉
တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် ဘန်းချောင်းကျေးရွာမှာ KNU အဖွဲ့ဝင် နှစ်ဦးကို ဗိုလ်စောအယ်ခွီး (ခ) ကော်လားဖိုး ဦးဆောင်တဲ့ KTLA တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက အသိပေး ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့က မနက် ၂ နာရီအချိန်ခန့်မှာ ဗိုလ်စောအယ်ခွီး(ခ) ကော်လားဖိုး KTLA တပ်ဖွဲ့ဝင်တွေက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း ၁၂ က ရဲဘော် တစ်ဦးနဲ့ မြို့နယ်လုပ်သား လူငယ် တစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီKNU အဖွဲ့ဝင် နှစ်ဦးဟာ စစ်ရေးနဲ့နယ်မြေလုံခြုံရေးအတွက် လိုအပ်တဲ့ လုပ်ငန်းတွေ လုပ်ဆောင်နေစဉ်အတွင်း ဗိုလ်စောအယ်ခွီး (ခ) ကော်လားဖိုး ဦးဆောင်တဲ့ KTLA တပ်ဖွဲ့ဝင်တွေက ဝင်ရောက်ဖမ်းဆီးခဲ့ပြီး ရက်စက်စွာ သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။
ဗိုလ်စောအယ်ခွီး (ခ) ကော်လားဖိုး ဦးဆောင်တဲ့ KTLA တပ်ဖွဲ့ဝင်တွေဟာ စတင်ဖွဲ့စည်းတဲ့အချိန်ကစပြီး ကရင်ပြည်သူလူထုတွေရဲ့ အကျိုးကို လုပ်ဆောင်ဖို့ ပျက်ကွက်ရုံသာမက မိခင် ကေအဲန်ယူအစည်းအရုံးအား ရန်သူသဖွယ်သဘောထားပြီး စစ်အာဏာရှင်အလိုကျ ပြန်လည်တိုက်ခိုက်လျက်ရှိတယ်လို့ KNU ဆိုထားပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့ကလည်း သရက်ချောင်းမြို့နယ် သမီးပေါ်သောကျေးရွာနဲ့ပျားသားချောင်းကျေးရွာကြားမှာ ဗိုလ်စောအယ်ခွီး (ခေါ်)ကော်လားဖိုး ဦးဆောင်တဲ့ KTLA တပ်ဖွဲ့ဝင်တွေရဲ့ ခြုံခိုတိုက်ခိုက်မှုကြောင့် KNU လက်အောက်ခံ KNLA တပ်ဖွဲ့ဝင် ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ကော်သူးလေတပ်မတော် KTLA ကို KNU လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO စစ်ဦးစီးချုပ်ဟောင်း ဗိုလ်မှူးချုပ် စောနယ်ဒါးမြက ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇူလိုင် ၁၆ ရက်နေ့မှာ စတင်တည်ထောင်ခဲ့တာ ဖြစ်ပြီး ဒေသတွင်းမှာတော့ KNU တပ်ဖွဲ့ဝင်တွေကို မကြာခဏဆိုသလို ခြုံခိုတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU

