သာယာဝတီ၊ မတ် ၉
ပဲခူးတိုင်း သာယာဝတီအကျဉ်းထောင်မှာ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC ကို ထောင်တွင်းလိုအပ်ချက်တွေနဲ့ ပတ်သက်ပြီး တင်ပြခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားသုံးဦး ရိုက်နှက်ညှင်းပန်းနှိပ်စက်ခံခဲ့ရတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၈ ရက်နေ့မှာ သာယာဝတီအကျဉ်းထောင်ကို ICRC က ဝင်ရောက်စစ်ဆေးချိန် နိုင်ငံရေးအကျဉ်းသားတွေက ထောင်တွင်းလိုအပ်ချက်တွေကို တင်ပြခဲ့တာပါ။
အဲဒီတင်ပြချက်ကို သာယာဝတီအကျဉ်းထောင်ဦးစီးက မကျေနပ်တာကြောင့် ICRC ကို တင်ပြခဲ့တဲ့ အဆောင် ၈ နဲ့အဆောင် ၉ က နိုင်ငံရေးကအကျဉ်းသားသုံးဦးကို ခေါ်ယူကာ လူမဆန်စွာ ရိုက်နှက်ညှင်းပန်းခဲ့တယ်လို့ ဆိုပါတယ်။
ရိုက်နှက်မှုကို မျက်မြင်တွေ့တဲ့ အခြားနိုင်ငံရေးအကျဉ်းသားတွေက ကန့်ကွက်ဆန္ဒပြခဲ့တာကြောင့် ထောင်ဦးစီးနဲ့ အကျဉ်းထောင်ဝန်ထမ်းတွေက တုတ်၊ လေးခွတွေနဲ့ အဆောင်အတွင်း ဝင်ရောက်ရိုက်နှက်ပစ်ခတ်ခဲ့ပြီး ဆန္ဒပြတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုလည်း တိုက်ပိတ်ခဲ့တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အဲဒီလုပ်ရပ်တွေဟာ သာယာဝတီထောင်ပိုင်ရဲ့ ခွင့်ပြိုမိန့်မပါဘဲ ဗဟိုထောင်ဦးရဲ့ အမိန့်သာဖြစ်ပြီး ထောင်ပိုင်မှ ဆက်လက်ရိုက်နှက်တာတွေ မပြုလုပ်ဖို့ တာဆီးခဲ့ပေမယ့် ထောင်ဝန်ထမ်းတွေက ညဘက်နဲ့ နေ့ဘက်တွေမှာ ဝင်ရောက်ရိုက်နှက်နေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂ ရက်နေ့က တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အဖြစ် သာယာဝတီအကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသား ၉၂ ဦးကို စစ်ကော်မရှင်ဘက်က လွတ်ငြိမ်းပေးအပ်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM က ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

