မော်လမြိုင် ၊ မတ် ၄
တပ်အင်အားပြုန်းတီးမှု လိုအပ်ချက်အရ စစ်ကော်မရှင် အသက်သွင်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် စစ်မှုထမ်း တပ်သားစုဆောင်းခံရသူ တစ်သိန်း ပြည့်သွားပြီးဖြစ်ပါတယ်။
နိုင်ငံ့ကာကွယ်ရေးနဲ့ လုံခြုံရေးတာဝန်ထမ်းဆောင်နိုင်ဖို့ အကြောင်းပြချက်နဲ့ စစ်ကော်မရှင်ဟာ စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၂၀ အထိ သင်တန်းဆင်းထားပါတယ်။
စစ်ကော်မရှင်ဟာ စစ်မှုထမ်း အပတ်စဉ် တစ်ခုလျှင် တပ်သား ၅၀၀၀ နှုန်း လျာထားတဲ့အတွက် မတ်လ ၃ ရက်နေ့က စစ်မှုထမ်း အပတ်စဉ် ၂၀ သင်တန်းဆင်းသွားတာကြောင့် တပ်သား တစ်သိန်း စစ်သားစုဆောင်းထားပြီလို့ ဆိုနိုင်ပါတယ်။
အာဏာသိမ်း စစ်အုပ်စုဟာ အာဏာရှင်ဟောင်း ဦးသန်းရွှေ ပြဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ အသက်သွင်းခဲ့တာပါ။
ပြည်သူ့စစ်မှုထမ်းဥပဒေအရ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း နိုင်ငံသားတိုင်းဟာ မဖြစ်မနေ အနည်းဆုံး ၂ နှစ်ကနေ ၅ နှစ်အထိ စစ်မှုထမ်းရမှာ ဖြစ်ပါတယ်။
စစ်မှုထမ်းတွေကို ကြံ့ခိုင်ရေးနဲ့ စစ်ရေးပြဘာသာရပ်တွေအပြင် စစ်နည်းဗျူဟာဘာသာရပ်မှာပါဝင်တဲ့ ကိုယ်စီစစ်မြေပြင်ကျွမ်းကျင်မှု၊ အထူးစစ်နည်းဗျူဟာ၊ စစ်ဘက်ရေးရာလုံခြုံရေး၊ ချေမှုန်းရေးစတာတွေကို သင်ကြားလေ့ကျင့်ပေးခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားတာပါ။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ အစီရင်ခံစာအရ အတင်းအဓမ္မတပ်သားစုဆောင်းခံရသူတွေဟာ လေ့ကျင့်ရေးသင်တန်းကျောင်းတွေမှာရော ရှေ့တန်းစစ်မြေပြင်မှာပါ ဖိအာပေးစေခိုင်းခံရတာတွေ ညှင်းပန်းနှိပ်စက် အပြစ်ပေးခံရတာတွေ ရှိနေတယ်လို့ သိရပါတယ်။
စစ်မှုထမ်း သင်တန်းသားတွေဟာ ရှေ့တန်းမှာ စစ်တိုက်ထွက်ရတာ၊ လုံခြုံရေးတာဝန်ထမ်းဆောင်တာ၊ အခွန်ကောက်တာ၊ မိုင်းရှင်းလင်းတာ၊ စစ်ဘက်ခံတပ်တွေ ဆောက်လုပ်ရာမှာ အတင်းအကြပ်လုပ်ခိုင်းခြင်းစတဲ့ စစ်ရေးတာဝန်တွေကို ချမှတ်ခဲ့နေရပါတယ်။
တဖက်မှာလည်း စစ်ကော်မရှင်ဟာ အခုလအတွင်း ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၂၃ သင်တန်း ဖွင့်လှစ်နိုင်ဖို့အတွက် စစ်မှုထမ်း တပ်သားစုဆောင်းမှုတွေကို နည်းလမ်း အမျိုးမျိုးနဲ့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်

