သရက်ချောင်း၊ ဖေဖော်ဝါရီ ၁၃
တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၉ ဦး သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မြိတ်ထားဝယ်ခရိုင်က မှတ်တမ်းဓာတ်ပုံနဲ့တကွ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်က သရက်ချောင်းမြို့ပေါ်ကနေတစ်ဆင့် ဝင်းဝတပ်စခန်းကို တပ်အင်အားဖြည့်ဖို့ အတွက် စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်နဲ့ ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော် KNLA ပူးပေါင်းတပ်တွေကြား နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။
တိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်က တပ်ဖွဲ့ဝင် ၉ ဦးသေဆုံးခဲ့တဲ့အပြင် MA 1 သေနတ်နှစ်လက်၊ MA 3 သေနတ် ၅ လက်နဲ့ လက်နက်ခဲယမ်း အချို့သိမ်းဆည်းရမိခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်က ဆိုပါတယ်။
အဲဒီနေ့ ညနေပိုင်းကလည်း သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်အတွင်းရှိ သဲချောင်းကြီးကျေးရွာဘက်ကို စစ်ကော်မရှင်တပ်က လေယာဉ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်ရင်း( ၁၂)၊ တပ်မဟာ(၆) တပ်ရင်း(၂၇) မဟာမိတ် ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KNU

