ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၃
ကမ္ဘာကြီး ပူနွေးစေတဲ့ ဓာတ်ငွေ့ အားလုံး လျှော့ချရေး သမ္မတ အိုဘားမား လက်ထက်က ဖက်ဒရယ် အစိုးရဌာန အားလုံးရဲ့ လုပ်ရပ်တွေကို ထောက်ခံတဲ့ ဆုံးဖြတ်ချက်ကို အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က ပြောင်းပြန်လှန်ပစ်လိုက်ပါတယ်။
၂၀၀၉ ခုနှစ်တုန်းက အန္တရာယ်ကျရောက်စေတဲ့ ရှာဖွေတွေ့ရှိမှုလို့ ခေါ်တဲ့ ဆုံးဖြတ်ချက်မှာ ဖန်လုံအိမ် ဓာတ်ငွေ့တွေကြောင့် အများပြည်သူ ကျန်းမာရေး အန္တရာယ်ကျရောက်စေတယ်လို့ သတ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။
အထူးသဖြင့် မော်တော်ယာဉ်တွေရဲ့ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုတွေကို အမေရိကန်အစိုးရက ထိန်းချုပ်ရေးအတွက် သမ္မတ အိုဘားမား လက်ထက်က ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီလို ဥပဒေ တစ်ရပ်ကို ပြောင်းပြန်လှန်တာဟာ အမေရိကန် ရာဇဝင်မှာ အကြီးမားဆုံး ဥပဒေ ရုပ်သိမ်းမှု ဖြစ်ကြောင်းနဲ့ ကားထုတ်လုပ်သူတွေအနေနဲ့ ကားတစ်စီးကို ဒေါ်လာ ၂၄၀၀ အထိ သက်သာစေမှာ ဖြစ်တယ်လို့ အိမ်ဖြူတော် ပြောထားပါတယ်။
အမေရိကန် အစိုးရရဲ့ လုပ်ရပ်ဟာ ရာသီဥတု ပြောင်လဲမှု တိုက်ဖျက်ရေး ဆောင်ရွက်မှု အတွက် သိသိသာသာ ဆုတ်ယုတ်မှု ဖြစ်တယ်လို့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့တွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၁၂ ရက်က ဘဲဥပုံ ရုံးခန်းအတွင်း ပြောကြားရာမှာ ထရန့်က ၂၀၀၉ ဆုံးဖြတ်ချက်ဟာ အမေရိကန် မော်တော်ယာဉ်လုပ်ငန်း နယ်ပယ်အတွက် ဆိုးဆိုးရွားရွား ထိခိုက်စေပြီး အမေရိကန် စားသုံးသူတွေအတွက် ကုန်ဈေးနှုန်း မြင့်တက်စေတယ်လို့ ပြောဆိုတာပါ။
တာဝန်ထမ်းဆောင်ဆဲ သမ္မတတွေ ချမှတ်တဲ့ မူဝါဒတွေနဲ့ပတ်သက်လို့ မကြာခဏ မှတ်ချက်ပြုလေ့ရှိတဲ့ သမ္မတဟောင်း အိုဘားမားက ဒေါ်နယ် ထရန့် အစိုးရရဲ့ အခုလို ဆုံးဖြတ်ချက်ကြောင့် အမေရိကန် ပိုပြီး အားနည်းလာနိုင်တယ်လို့ ပြောထားပါတယ်။
မီသိန်းဓာတ်ငွေ့နဲ့ ကာဗွန်ဒိုင်အောက်ဆိုက် အပါအဝင် ကမ္ဘာကြီးကို ပူနွေးစေတဲ့ ဓာတ်ငွေ့တွေက လူသားတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေကြောင်း ၂၀၀၉ ခုနှစ်က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အေဂျင်စီက သတ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။
ကမ္ဘာကြီး အပူချိန် မြင့်တက်လာမှု တိုက်ဖျက်ရေး ဥပဒေပြုဖို့ လွှတ်တော်မှာ သဘောတူညီမှု မရနိုင် ဖြစ်ပြီးနောက် ဖန်လုံအိမ်ဓာတ်ငွေ ထုတ်လွှတ်မှု ထိန်းချုပ်ရေး အမေရိကန် ဗဟို အစိုးရရဲ့ ကြိုးပမ်းမှုတွေအတွက် အဲဒီ သတ်မှတ်ချက်က အခရာကျခဲ့ပါတယ်။
အခုဆုံးဖြတ်ချက်ကြောင့် စွမ်းအင်နဲ့ သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်တွေကို လျှော့ချနိုင်မှာ ဖြစ်ပြီး ဒေါ်လာ ၁ ထရီလီယံအထိ သက်သာစေမှာ ဖြစ်တယ်လို့ ထရန့် အစိုးရက ပြောထားပါတယ်။
ထရန့် အစိုးရရဲ့ အခုလို ဆုံးဖြတ်ချက်ကြောင့် လောင်စာအတွက် ငွေသုံးစွဲမှု ပိုများလာနိုင်တယ်လို့ သဘာဝ ပတ်ဝန်းကျင် ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
ရာသီဥတု ပြောင်းလဲမှုကြောင့် ကမ္ဘာကြီး ပိုမိုပူနွေးလာပြီး ရေခဲမြစ်များ အရည်ပျော်မှုကြောင့် ပင်လယ်ရေ မျက်နှာပြင် မြင့်တက်မှုတွေ ဖြစ်ပေါ်နေပါတယ်။
ရာသီဥတု ပြောင်းလဲမှုကြောင့် အဖျက်စွမ်းအား မြင့်မားတဲ့ မုန်တိုင်းတွေ ဖြစ်ပေါ်မှု အကြိမ်ရေပိုများလာပြီး သဘာဝဘေး အန္တရာယ်တွေလည်း ပိုများလာပါတယ်။
Ref:BBC

