ကျိုက်ထို၊ ဖေဖော်ဝါရီ ၁၁
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲအတွင်း PDF ရဲဘော်သုံးဦး ကျဆုံးထားတယ်လို့ တော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။
စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၈ ရက်နေ့ကစလို့ ကျိုက်ထိုမြို့နယ်ထဲကို အင်အား ၅၀၀ လောက်နဲ့ စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။
စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးမှုကြောင့် ဖေဖော်ဝါရီ ၉ ရက်နေ့က မုက္ခမော့ကျေးရွာနဲ့ ခရွဲကျေးရွာတို့မှာ နှစ်ဖက်တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့တာပါ။
အဲဒီတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ဖွဲ့ဝင် သုံးဦးကျဆုံးပြီး ရဲဘော်တချို့ ထိခိုက်ဒဏ်ရာရတာ ရှိတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
စစ်ကော်မရှင်တပ် စစ်ကြောင်းဟာ ဖေဖော်ဝါရီ ၁၀ ရက်နေ့ မနက်ပိုင်းအထိ ကျိုက်ထိုမြို့နယ် ကျောက်ရေတွင်းကျေးရွာမှာ ဆက်ရှိနေပြီး နှစ်ဖက်စစ်ရေး ဆက်လက်တင်းမာနေတာ ဖြစ်ပါတယ်။
ကျိုက်ထိုတိုက်ပွဲကြောင့် ကျေးရွာပေါင်း ၁၀ ကျော်က ဒေသခံ ၅၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-PDF

