ဘားအံ၊ ဖေဖော်ဝါရီ ၄
ကရင်ပြည်နယ်မှာ ဇန်နဝါရီလကုန်ပိုင်းကစလို့ စစ်ကော်မရှင်တပ်က စစ်အင်အားအလုံးအရင်း တိုးချဲ့ပို့ဆောင်နေပြီး ဒီလိုအင်အားတိုးချဲ့မှုဟာ ဆုံးရှုံးသွားတဲ့ တပ်စခန်းတွေအားလုံး ပြန်လည်ရရှိရေးအတွက် ဖြစ်နိုင်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက သုံးသပ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်းက လက်နက်ကြီး သံချပ်ကာကားတွေနဲ့ အင်အားအများအပြားပါဝင်တဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေဟာ ကရင်ပြည်နယ် ဘားအံမြို့တွင်းကို ရောက်ရှိလာခဲ့ပြီး ဘားအံကနေတစ်ဆင့် လှိုင်းဘွဲ၊ကျုံဒိုး၊ကော့ကရိတ်နဲ့ မြဝတီမြို့တွေဆီ ဦးတည်ပြီး နေ့စဉ် စစ်ကားတန်းတွေ အများအပြား ထွက်ခွာသွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ ကရင်ပြည်နယ်အတွင်းက ဆုံးရှုံးသွားတဲ့ တပ်စခန်းတွေအားလုံး အရပြန်ယူမယ်လို့ အရင်ကတည်းက ကြိမ်းမောင်းပြောဆိုထားတာရှိပြီး အဲဒီအတွက် စခန်းတွေအားလုံး ပြန် လည်ရရှိရေး လုပ်ဆောင်တဲ့အစီအစဉ် ဖြစ်မယ်လို့ KNU တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီးစောကလယ်ဒိုက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒါ့အပြင် စစ်အင်အား အများအပြား တိုးချဲ့မှုဟာ အာရှလမ်းနဲ့ မြဝတီမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် လုပ်ဆောင်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
တဖက်မှာလည်း ကရင်နယ်ခြားစောင့်တပ် BGF က ကရင်အမျိုးသားတပ်မတော် KNA အဖြစ် အသွင်ပြောင်းဖွဲ့စည်းလိုက်ပြီး ခွဲထွက်သွားတဲ့အပေါ် စစ်ကော်မရှင်တပ်က စိုးရိမ်မှုများစွာရှိနေပြီး အဲဒီအတွက် စစ်ကော်မရှင်တပ်က အင်အားဖြည့်တင်းနေတာဖြစ်တယ်လို့ ဗိုလ်မှူးကြီးစောကလယ်ဒိုက ဆိုထားပါတယ်။
အခုလက်ရှိကာလအတွင်းမှာ ကရင်ပြည်နယ်အတွင်းက KNU တပ်မဟာ ၇ နယ်မြေ ကော့ကရိတ်မြောက်ပိုင်း ဒေါနတောင်ပေါ်လမ်းဟောင်းအနီး နေရာတွေ၊ ထိုင်း-မြန်မာနယ်စပ်နား မြဝတီမြို့တောင်ဘက် KNU တပ်မဟာ ၆ မင်းလက်ပံ ဖလူးနယ်မြေတွေနဲ့ KNU တပ်မဟာ ၅ နယ်မြေ ကမမောင်း-ဖာပွန်လမ်းပေါ် ဝါးဒူးရွာအနီးမှာ တော်လှန်ရေးအင်အားစုအဖွဲ့တွေနဲ့ စစ်ကော်မရှင်တပ်တို့ တိုက်ပွဲတွေ နေ့စဉ်ဆိုသလို ဖြစ်ပွားနေတာပါ။
ကော့ကရိတ်မြောက်ပိုင်း နယ်မြေဒေသတွေ အားလုံးနဲ့ မြဝတီမြို့ တောင်ဘက် မြဝတီ-ဝေါ်လေလမ်းပိုင်း၊ ဖာပွန်ခရိုင် ကမမောင်း-ဖာပွန်လမ်းပိုင်းတွေကို ပြန်လည်စိုးမိုးထိန်းချုပ်နိုင်ဖို့အတွက် စစ်ကော်မရှင်တပ်က ထိုးစစ်ဆင်နေပေမယ့် လပေါင်းများစွာကြာလာတဲ့အထိ ရှေ့ဆက်မတိုးနိုင်သေးဘဲ ထိခိုက်မှုတွေလည်း များပြားနေတယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တွေရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ကရင်အမျိုးသားအစည်းအရုံးKNU ကော်သူးလေအုပ်ချုပ်နယ်မြေထဲမှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် တစ်နှစ်အတွင်း တိုက်ပွဲအကြိမ်ပေါင်း ၂၀၀၀ ကျော်ဖြစ်ပွားခဲ့ရာ စစ်တပ်ဘက်က တပ်ရင်းမှူး ဒုရင်းမှူးတွေအပါအဝင် ၂၀၀၀ နီးပါး သေဆုံးခဲ့ပြီး တပ်ရင်းမှူး ၂ ဦးအပါအဝင် ၁၆၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

