ရေး၊ ဇန်နဝါရီ ၁၉
မွန်ပြည်နယ် ရေးမြို့နယ်မြောက်ပိုင်း အောင်သပြေကျေးရွာအနီးမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် သုံးဦး သေဆုံးခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် MSRF ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်နေ့က အင်အား ၂၀၀ လောက်ပါတဲ့ စစ်ကော်မရှင်တပ် စစ်ကြောင်းဟာ အောင်သပြေကျေးရွာထဲ စစ်ကြောင်းထိုးလာတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။
အဲဒီတိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်က သုံးဦး သေဆုံးပြီး ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော် တစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုကို မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ကာကွယ်ရေးဌာန ကွပ်ကဲမှု အောက်ရှိတပ်တွေဖြစ်တဲ့ မွန်ပြည်တော်လှန်ရေးတပ် MSRF နဲ့ ရေးပြည်သူ့ကာကွယ်ရေးတပ် YPDF တို့က ပျောက်ကြားတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
နှစ်ဖက်တိုက်ပွဲနဲ့အတူ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးခဲ့တဲ့အတွက် အောင်သပြေကျေးရွာအတွင်းရှိ လူငယ်နဲ့လူလတ်ပိုင်းအမျိုးသားတွေဟာ ပေါ်တာဆွဲခံရမှာ စိုးရိမ်တာကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
စစ်ကော်မရှင်တပ်ဟာ ရွေးကောက်ပွဲမတိုင်မီနဲ့ ရွေးကောက်ပွဲပြီးနောက် ရေးမြို့နယ်မှာ စစ်ကြောင်းထိုးမှုတွေ ဆက်လက်လုပ်ဆောင်နေတာကြောင့် နှစ်ဖက်တိုက်ပွဲတွေ ခပ်စိပ်စိပ် ပြန်လည်ဖြစ်ပွားနေပါတယ်။
သတင်း – သံလွင်တိုင်းမ်

