ဘီးလင်း၊ ဇန်နဝါရီ ၁၉

မွန်ပြည်နယ် ဘီးလင်းမြို့နယ် တက်တူကုန်းကျေးရွာကို စစ်ကော်မရှင်တပ် ဝင်ရောက်စီးနင်းပြီးနောက် နေအိမ်တွေက တန်ဖိုးရှိ ပစ္စည်းတွေကို ယူဆောင်သွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

အာဏာသိမ်း စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၀ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ သုံးရက်အကြာ တက်တူကုန်းကျေးရွာထဲ စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့နဲ့ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

အဲဒီတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဟာ ကျေးရွာအတွင်းရှိ နေအိမ် ၇ လုံးက တန်ဖိုးရှိပစ္စည်းတွေဖြစ်တဲ့ ဆိုင်ကယ်၊ အိမ်ဆောက်ပစ္စည်းတွေအပြင် အိမ်အသုံးအဆောင် ပစ္စည်း အများအပြားကို ဖောက်ထွင်းယူဆောင်သွားတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

တက်တူကုန်းရွာမှာ ဝင်ရောက်တပ်စွဲခဲ့တဲ့ စစ်ကော်မရှင်တပ်ဟာ အသက် ၃၈ နှစ်အရွယ် ရွာခံ စောချစ်သူကို ဖမ်းဆီးချုပ်နှောင်ထားပြီး ရိုက်နှက်ညှင်းပန်း နှိပ်စက်ခဲ့တယ်လို့ KNU က ဆိုပါတယ်။

တက်တူကုန်းရွာမှာ သုံးရက်တာ တပ်စွဲနေထိုင်ခဲ့တဲ့ စစ်ကော်မရှင်တပ်ဟာ ဇန်နဝါရီ ၁၃ ရက်နေ့က ပြန်လည်ဆုတ်ခွာသွားပေမယ့် လက်နက်ကြီး ပစ်ခတ်မှုတွေ နေ့စဉ်နဲ့အမျှ ဆက်လက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စစ်ကော်မရှင်တပ် ဝင်ရောက်စီးနင်းခဲ့တဲ့ တက်တူကုန်းကျေးရွာဟာ ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင်ရဲ့ အုပ်ချုပ်နယ်မြေ ဖြစ်ပြီး စစ်ကော်မရှင်ဘက်က ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့တဲ့ ကျေးရွာတစ်ခုလည်း ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.