တီဟီရန်၊ ဇန်နဝါရီ ၃
အလျင်အမြန် ပျံ့နှံ့လာနေတဲ့ မငြိမ်သက်မှုအတွင်း ကြားဝင်ရှင်းမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က ခြိမ်းခြောက်ထားပေမယ့် အီရန် လုံခြုံရေးတပ်ဖွဲ့တွေက ဆန္ဒပြသူတွေကို ဇန်နဝါရီ ၂ ရက် ညက ပစ်ခတ်ခဲ့ပါတယ်။
ကွမ်မြို့မှာ ဆန္ဒပြသူ တစ်ဦး ပစ်သတ်ခံရတယ်ဆိုတဲ့ ပြောဆိုမှုတွေ ထွက်ပေါ်နေချိန် တီဟီရန်မြို့မှာ ဆန္ဒပြသူတွေ ပစ်ခတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဆန့်ကျင်ဆန္ဒပြသူတွေကို အီရန်အစိုးရက ထပ်ပြီး သတ်ဖြတ်မယ်ဆိုရင် အမေရိကန်က ကယ်တင်ဖို့ အားလုံး အသင့်ပြင်ဆင်ထားပြီး ဖြစ်တယ်လို့ ထရန့်က အဲဒီနေ့ စောစောပိုင်းက သတိပေးခဲ့ပါတယ်။
အီရန် ငွေတန်ဖိုး ကျဆင်းမှု၊ ကုန်ဈေးနှုန်း မြင့်တက်မှုတို့ကြောင့် ဈေးသည်တွေ ဒေါသထွက်ရာက ဒီဇင်ဘာ ၂၈ ရက်မှာ စတင်ခဲ့တဲ့ ဆန္ဒပြပွဲတွေဟာ ပိုကျယ်ပြန့်တဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ အဖြစ် ပြောင်းလဲသွားပြီး မြို့ပေါင်း ၂၀ သို့ ပျံ့နှံ့သွားပြီ ဖြစ်ပါတယ်။
ဒီနှစ်ဟာ သွေးစွန်းတဲ့နှစ်၊ အီရန် ထိပ်တန်းခေါင်းဆောင် အလီ ခါမေနီကို ဖြုတ်ချရမယ်၊ အာဏာရှင် သေဆုံးပါစေ၊ ဖိနှိပ်သူသေဆုံးပါစေဆိုတဲ့ ကြွေးကြော်သံတွေကို ဆန္ဒပြသူတွေ အော်ဟစ်ခဲ့ကြပါတယ်။

ဆန္ဒပြသူတွေက အစိုးရရုံးတွေကို တိုက်ခိုက်ပြီး ကားတွေကို မီးတင်ရှို့ခဲ့ကြသလို အစိုးရ အဆောက်အဦတွေမှာ လွှင့်ထူထားတဲ့ နိုင်ငံအလံတွေကို ဆွဲဖြုတ်ချခဲ့ကြပါတယ်။
အခုအချိန်အထိတော့ သေဆုံးသူ ၇ ဦး ရှိပြီ ဖြစ်ကြောင်း အတည်ပြုထားပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေလည်း သေဆုံးတယ်လို့ ဆိုပါတယ်။
မြို့တွေ အများကြီးမှာ ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကြား ပဋိပက္ခတွေ ပြင်းထန်နေပြီး ဆန္ဒပြပွဲတွေလည်း ပိုအားကောင်းလာနေချိန် ဇန်နဝါရီ ၂ ရက် ညက သေနတ်သံတွေ အများကြီး ကြားခဲ့ရပါတယ်။
လုံခြုံရေးတပ်ဖွဲ့တွေက ကျည်အစစ်နဲ့ ပစ်ခတ်တာ ဟုတ် မဟုတ်ကိုတော့ ရှင်းရှင်းလင်းလင်း မသိရ သေးပါဘူး။
ပဋိပက္ခတွေမှာ ပါဝင်တဲ့ အီရန် လုံခြုံရေးတပ်ဖွဲ့တွေဟာ ခဲသီး သေနတ်တွေနဲ့ လူအုပ်ထိန်းချုပ်ရေး တခြား လက်နက်တွေ အသုံးပြုနေတာ ကြာပြီ ဖြစ်ပြီး ၂၀၂၂ ဆန္ဒပြပွဲတွေအတွင်း လူရာနဲ့ချီ မျက်လုံး ကွယ်ခဲ့ရပါတယ်။
အခု ဖြစ်ပွားနေတဲ့ မငြိမ်သက်မှုတွေဟာ ၂၀၂၂ ခုနှစ် နောက်ပိုင်း အီရန် အစိုးရအတွက် အသိသာဆုံး စိန်ခေါ်မှု ဖြစ်ပါတယ်။
မွတ်စလင် အမျိုးသမီးတွေ ဝတ်ဆင်ရတဲ့ ခေါင်းဆောင်း အဝတ်ကို အသေအချာ မဝတ်လို့ ဆိုပြီး အမျိုးသမီးတစ်ဦးကို ဖမ်းဆီးထားချိန် သေဆုံးသွားခဲ့တာကြောင့် ၂၀၂၂ ခုနှစ်မှာ ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
ထရန့်က စစ်ရေးအရ ကြားဝင်ဖို့ ပြင်ဆင်နေတာလား၊ တခြား နိုင်ငံတွေကတဆင့် အရေးယူဖို့ စီစဉ်နေတာလား ဒါမှမဟုတ် နောက်ထပ် ဒဏ်ခတ် ပိတ်ဆို့မှုတွေ လုပ်ဖို့ စီစဉ်နေတာလားလိုတာကို အိမ်ဖြူတော်က အတည်မပြုပေးပါဘူး။
အီရန် လွှတ်တော်ဥက္ကဋ္ဌ ဘာဂါ ဂါလီဘတ်ကတော့ ထရန့်က သူပြောထားတဲ့အတိုင်း ကြားဝင်ပါလာမယ်ဆိုရင် ဒေသတွင်းရှိ အမေရိကန် စစ်မှုထမ်းတွေနဲ့ အခြေစိုက်စခန်းတွေကို တရားဝင် ပစ်မှတ်တွေအဖြစ် မှတ်ယူသွားတယ်လို့ တုံ့ပြန်ထားပါတယ်။
ခေါင်းဆောင်ကြီး အယာတိုလာရဲ့ အကြံပေး အလီ ရှမ်ခါနီကလည်း ကြားဝင်စွက်ဖို့ ကြိုးစားတဲ့လက်ကို ဖြတ်တောက်သွားမယ်လို့ ကြုံးဝါးထားပါတယ်။
အီရန်က သူတို့ရဲ့ ဒုံးကျည်စီမံကိန်းကို ပြန်လည် တည်ဆောက်မယ်ဆိုရင် တိုက်ခိုက်ဖို့ ကြိုတင် ပြင်ဆင်ထားတယ်လို့ ထရန့်က ခြိမ်းခြောက်ထားပါတယ်။
Ref:The Telegraph

