မြဝတီ၊ဇန်နဝါရီ ၃

ကရင်ပြည်နယ် ရွှေကုက္ကိုဒေသမှာ ဝင်ရောက်တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်ဟာ ကရင်အမျိုး သားတပ်မတော် KNA ရဲ့ ဖိအားပေးမှုကြောင့် ရွှေကုက္ကိုဒေသအတွင်းကနေ မြဝတီကို ပြန်လည်ထွက်ခွာခဲ့ရပြီး ရွှေကုက္ကိုဒေသထဲမှာ KNA တပ်က လုံခြုံရေးအရေးပေါ်တပ်လှန့်ထားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်ဆီကနေ သိရပါတယ်။

၂၀၂၆ ဇန်နဝါရီလကစပြီး ကရင်နယ်ခြားစောင့်တပ် BGF ကနေ ကရင်အမျိုးသားတပ်မတော်အဖြစ် အသွင်ပြောင်းဖွဲ့စည်းလိုက်တဲ့နောက် ရွှေကုက္ကိုဒေသထဲမှာ ရှိနေတဲ့ စစ်ကော်မရှင်တပ်ရဲ့ တပ်မ ၂၂ တပ်သားတွေဟာ ရွှေကုက္ကိုနယ်ဒေသထဲကနေ မြဝတီမြို့ထဲကို ပြန်လည်ထွက်ခွာခဲ့ရပြီး KNA ရဲ့ ဖိအားပေးမှုကြောင့် ထွက်ခွာခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကရင်အမျိုးသားတပ်မတော် KNA ဟာ ရွှေကုက္ကိုဒေသကို လုံခြုံရေးအထူးတင်ကြပ်လိုက်ပြီး စစ်ရေးသတိနဲ့ အထူးသတိပြုနေထိုင်ကြဖို့ သူတို့တပ်ဖွဲ့တွေကို ညွှန်ကြားထားပြီး စစ်ကော်မရှင်တပ်က ရွှေကုက္ကိုမြို့ထဲကို ပြန်လည်ဝင်ရောက်ခွင့်ရရေးအတွက် တပ်မ ၄၄ တပ်ဖွဲ့တွေ ထပ်မံအင်အားဖြည့်ဆည်းလာတယ်လို့ သိရပါတယ်။

ဒါပေမယ့် KNA က ရွှေကုက္ကိုမြို့ထဲကို ဝင်ရောက်ခွင့်မပြုခဲ့တာကြောင့် စစ်ကော်မရှင်ရဲ့ တပ်မ ၄၄ တပ်ဖွဲ့တွေဟာ မြဝတီ-ရွှေကုက္ကိုကို ဆက်သွယ်ထားတဲ့ နဒီလင်းမြိုင်တံတားမှာ ရောက်ရှိတပ်စွဲနေရာယူထားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ဆိုပါတယ်။

စစ်ကော်မရှင်ကိုထောက်ခံတဲ့ လော်ဘီတွေရဲ့ ဖော်ပြချက်တွေထဲမှာလည်း တပ်မ ၄၄ တပ်ဖွဲ့ဟာ မြဝတီ ရွှေကုက္ကိုအပါအဝင် လမ်းတစ်လျှောက်နဲ့ နေရာဒေသတွေကို စိုးမိုးထားဖို့လုပ်ဆောင်နေပြီး BGF က KNA အဖြစ် အမည်ပြောင်း၊ ဘက်တံဆိပ်ပြောင်းကာ စစ်တပ်နဲ့လက်တွဲဖြုတ်တာဟာ ပဋိပက္ခနဲ့ တင်းမာမှုတွေကို ဖိတ်ခေါ်စေသလိုရှိတယ်လို့ ဆိုထားပါတယ်။

BGF က KNA အဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်တာကြောင့် ကရင်ပြည်နယ် ဘားအံမြို့ပေါ်မှာလည်း အခုရက်ပိုင်းအတွင်း စစ်ကော်မရှင်တပ်က လုံခြုံရေးအရေးပေါ်တပ်လှန့်ထားသလို ဘားအံမြို့ပေါ်ကိုလည်း KNA တပ်ဖွဲ့တွေ ဝင်ထွက်သွားလာတာ သိပ်မတွေ့ရတော့ဘူးလို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

BGF က KNA ကို ပြောင်းလဲတဲ့အထဲမှာ လိုက်ပါမပြောင်းလဲတဲ့ BGF တပ်ဖွဲ့တွေလည်းရှိနေပြီး အများစုကတော့ KNA ထဲကို လိုက်ပါပြောင်းလဲကြတယ်လို့ BGF သတင်းရင်းမြစ်က ပြောပါတယ်။

BGF ဖွဲ့စည်းပုံအရ တပ်နယ် ၄ နယ်၊ တပ်ရင်း ၁၃ ရင်းနဲ့ ဖွဲ့စည်းထားပြီး အခုအသစ်ပြောင်းလိုက်တဲ့ KNA ထဲမှာ စစ်ဒေသ ၄ ခု ဗျူဟာ ၉ ဗျူဟာ တပ်ရင်း ၆၀ ကျော်နဲ့ ဖွဲ့စည်းထားတယ်လို့ KNA ထိပ်ပိုင်းအရာရှိတွေက အသိပေးထုတ်ပြောထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.