ဝါရှင်တန်၊ ဇန်နဝါရီ ၂
အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က အကိုက်အခဲ ပျောက်ဆေးတွေ ဆရာဝန်ညွှန်ကြားထားတဲ့ ပမာဏထက် ပိုပြီး နေ့စဉ် သောက်သုံးနေပေမယ့် ကျန်းမာရေး ဒေါင်ဒေါင်မြည် ကောင်းမွန်တယ်လို့ ပြောလိုက်ပါတယ်။
သူ့ရဲ့ လက်ဖမိုးပေါ်က ပွန်းပဲ့ရာတွေကို ဖုံးအုပ်ဖို့ မိတ်ကပ်တွေ သုံးနေပြီး လေ့ကျင့်ခန်း ပုံမှန်လုပ်ရတာ ပျင်းစရာကောင်းတာကြောင့် မလုပ်ဘူးလို့ ထရန့်က ပြောပါတယ်။

သူ့ရဲ့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်လို့ The Wall Street Journal နဲ့ အင်တာဗျူး ပြုလုပ်ရာမှာ ထရန့်က အောက်တိုဘာလအတွင်း ခန္ဓာကိုယ်ကို CT scan စစ်ဆေးမှု ပြုလုပ်ခဲ့တယ်လို့ ပြောပါတယ်။
ထရန့်က MRI စစ်ဆေးမှု အသေးစိတ် ပြုလုပ်ခဲ့တာ ဖြစ်ကြောင်း အရင်က သတင်းထောက်တွေကို မမှန်မကန် ပြောဆိုခဲ့ပါတယ်။

အသက် ၇၉ နှစ်အရွယ် ထရန့်ဟာ အမေရိကန် ရာဇဝင်မှာ တာဝန်ထမ်းဆောင်ဆဲ အသက်အကြီးဆုံး သမ္မတ ဖြစ်ပြီး ဇရာလက္ခဏာတွေ ပြသနေပြီ ဖြစ်ပါတယ်။
သူဟာ အစည်းအဝေး တချို့မှာ အိပ်ပျော်သွားပုံရပြီး မေးခွန်းမေးမြန်းချိန်မှာလည်း မကြားနိုင်တဲ့ ပုံစံမျိုး တွေ့ရပါတယ်။
သူ့ရဲ့ ကျန်းမာရေး အခြေအနေနဲ့ပတ်သက်လို့ အများပြည်သူရဲ့ ပြောဆိုမှုတွေကို သဘောမကျကြောင်း ထရန့်က ပြောပါတယ်။
လွန်ခဲ့တဲ့ ၂၅ နှစ်တာအတွင်း အကိုက်အခဲ ပျောက်ဆေးတွေ ဆရာဝန် ညွှန်ကြားထားတဲ့ ပမာဏထက် ပို သောက်ခဲ့တာကြောင့် သူ့ရဲ့ ခန္ဓာကိုယ်ဟာ လွယ်လွယ် ပွန်းပဲ့တတ်တယ်လို့ ထရန့်က ပြောပါတယ်။
အကိုက်အခဲ ပျောက်ဆေး aspirin က သွေးကြဲစေတယ်လို့ ဆရာဝန်တွေက ပြောတာကြောင့် သူ့အနေနဲ့ ပိုသောက်လေ့ရှိတယ်လို့ ထရန့်က ဆိုပါတယ်။
သူဟာ တစ်နေ့ကို aspirin ဆေး ၃၂၅ မီလီဂရမ် သောက်လေ့ရှိပြီး ဆရာဝန်တွေ ညွှန်ကြားထားတဲ့ ပမာဏထက် ၈၁ မီလီဂရမ် ပိုများနေပါတယ်။
ထရန့်ကို ကျန်းမာရေး စစ်ဆေးရာမှာ နှလုံးနဲ့ပတ်သက်တဲ့ ပြဿနာ တစ်ခုမှ မရှိကြောင်း သူ့ရဲ့ ဆရာဝန်က ပြောပါတယ်။
Ref:BBC

