ရေး၊ ဇန်နဝါရီ ၂
စစ်ကော်မရှင်တပ် လုံခြုံရေးအထူးတင်းကျပ်ထားတဲ့ မွန်ပြည်နယ် ရေးမြို့နယ်မှာ အခုရက်ပိုင်းအတွင်း လူငယ် ၂၅ ဦးထက်မနည်း ဖမ်းဆီးခံလိုက်ရတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကော်မရှင်တပ်ဟာ ရွေးကောက်ပွဲနီးကပ်လာချိန် ရေးမြို့ရှိ လမ်းဆုံလမ်းဂွတွေအပါအဝင် မြို့အဝင်အထွက် နေရာတွေမှာ အဖွဲ့ ၁၀ ဖွဲ့ကျော် ခွဲပြီး ပိတ်ဆို့စစ်ဆေးမှုတွေ လုပ်ဆောင်နေတာပါ။
အဲဒီလို ပိတ်ဆို့စစ်ဆေးစဉ် အမျိုးသား နှစ်ဦး ဆိုင်ကယ်အတူ စီးတာအပါအဝင် မသင်္ကာတဲ့သူတွေကို ဆက်တိုက်ဖမ်းဆီးနေတာ ဖြစ်ပါတယ်။
ဖမ်းဆီးခံရတဲ့သူတွေဟာ အသက် ၂၀ ကနေ ၄၀ အရွယ်ရှိတဲ့ အမျိုးသားတွေ ဖြစ်ပြီး ရေးမြို့မရဲစခန်းနဲ့စစ်ကော်မရှင်တပ်ရင်းတွေမှာ ချုပ်နှောင်ထားပါတယ်။
ဖမ်းဆီးစဉ် သိမ်းဆည်းထားတဲ့ ဆိုင်ကယ်တွေကိုတော့ ဇန်နဝါရီ ၁၁ ရက်နေ့ ရွေးကောက်ပွဲပြီးမှ ပြန်ပေးမယ်လို့ စစ်ကော်မရှင်နဲ့နီးစပ်သူတွေထံကနေ သိရပါတယ်။
ရေးမြို့မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၉ ရက်နေ့က ရဲတပ်ကြပ်ကြီး တစ်ဦး ပစ်သတ်ခံရပြီးနောက် စစ်ကော်မရှင်တပ်က လုံခြုံရေး တိုးမြှင့်ပြီး ပိတ်ဆို့စစ်ဆေးမှုတွေ ပိုလုပ်လာတာ ဖြစ်ပါတယ်။
စစ်ကော်မရှင်တပ်ရဲ့ ပိတ်ဆို့စစ်ဆေးမှုတွေကြောင့် ကျေးရွာတွေကနေ ရေးမြို့ပေါ်တက်ပြီး ဈေးရောင်းဈေးဝယ်သူတွေ မလာတော့သလို လူငယ်အများစု အပြင်ထွက်သွားလာတာ မရှိသလောက် နည်းပါးနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

