ဘီးလင်း၊ ဇန်နဝါရီ ၃
မွန်ပြည်နယ် ဘီးလင်းမြို့နယ် အလူးလေးကျေးရွာထဲ စစ်ကော်မရှင်တပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားသုံးဦး ထပ်မံသေဆုံးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဇန်နဝါရီ ၂ ရက်နေ့ မနက် ၈ နာရီအချိန်လောက်မှာ ဘီးလင်းအခြေစိုက် စစ်ကော်မရှင်ရဲ့ အမှတ် ၃ ခြေမြန်တပ်ရင်းက လက်နက်ကြီး ပစ်ခတ်ရာကနေ အလူးလေးကျေးရွာ အထပ်သားစက်ရုံရှိ အလုပ်သမား တန်းလျားအနီး ကျရောက်ပေါက်ကွခဲ့တာပါ။
လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၅၀ ကျော်အရွယ်ရှိ ဒေါ်သန်းဌေးပါ အမျိုးသ မီး နှစ်ဦးနဲ့ ဦးသန်းနိုင်တို့ ထိမှန်သေဆုံးပြီး ဒေသခံသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ စစ်ကော်မရှင်တပ်ဟာ ဇန်နဝါရီ ၁ ရက်နေ့ကစပြီး အလူးလေးကျေး ရွာတဝိုက်မှာ စစ်ရေးလှုပ်ရှားနေပြီး ဘီးလင်းအခြေစိုက် စစ်ကော်မရှင်တပ်ရင်းတွေကနေ နေ့ရောညပါ လက်နက်ကြီး ပစ်ခတ်နေတာပါ။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၁ ရက်နေ့ကလည်း ဘီးလင်းမြို့နယ် အလူးလေးကျေးရွာအနီး ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း အရပ်သားပြည်သူ နှစ်ဦး သေဆုံးပြီး လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
စစ်ကော်မရှင်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုအပါအဝင် နှစ်ဖက်တိုက်ပွဲတွေကြောင့် အလူးလေးနဲ့ ဝင်းပြန်ကျေးရွာက ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။
ဘီးလင်းမြို့နယ်မှာတော့ စစ်ကော်မရှင်က လာမယ့် ဇန်နဝါရီ ၁၁ ရက်နေ့မှာ ရွေးကောက်ပွဲ ကျင်းပဖို့အတွက် စစ်ကြောင်းထိုးတာနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

