ဘန်ကောက်၊ ဇန်နဝါရီ ၂

နှစ်သစ်ကူး အားလပ်ရက် ခရီးသွားကာလ ပထမဆုံး သုံးရက်အတွင်း ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၁၄၅ ဦး ရှိပြီး ထိခိုက်ဒဏ်ရာရသူ ၇၆၉ ဦး ရှိကြောင်း ထိုင်းအာဏာပိုင်တွေက ဇန်နဝါရီ ၂ ရက်မှာ ပြောပါတယ်။

ဘန်ကောက်မြို့မှာ သေဆုံးသူ အများဆုံး ဖြစ်ပြီး ယာဉ်မတော်တဆ ဖြစ်ပွားမှု အကြိမ်ရေ အများဆုံးကတော့ ဖူးခက် ဖြစ်ပါတယ်။

ပို့ဆောင်ရေးဝန်ကြီးဌာန လက်ထောက် အမြဲတမ်းအတွင်းဝန် ဂျီရာပွန် သီပီတက်က နောက်ဆုံး ရရှိထားတဲ့ သတင်းအချက်အလက်တွေကို အခုလိုမျိုး ပြောဆိုခဲ့တာပါ။

ဇန်နဝါရီ ၁ ရက်မှာ နိုင်ငံတဝှမ်း ယာဉ်မတော်တဆ ဖြစ်မှု ၂၆ ခုရှိခဲ့ရာမှာ ၅၄ ဦး သေဆုံးပြီး ၃၁၇ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။

အရှိန်လွန် မောင်းနှင်မှုကြောင့် ယာဉ်မတော်တဆ ဖြစ်မှု အများဆုံး ဖြစ်ပြီး စုစုပေါင်း ဖြစ်ရပ်တွေရဲ့ ၄၀ ဒသမ ၁၈ ရာခိုင်နှုန်းဟာ အရှိန်လွန် မောင်းနှင်မှုကြောင့် ဖြစ်ပါတယ်။

အဲဒီနောက် အရက်သောက်ပြီး ယာဉ်မောင်းနှင်မှုကြောင့် မတော်တဆ ဖြစ်မှု ဒုတိယအများဆုံး ဖြစ်ပြီး ၂၉ ဒသမ ၄၅ ရာခိုင်နှုန်းဟာ အရက်သောက်ပြီး ယာဉ်မောင်းနှင်မှုကြောင့် ဖြစ်ပါတယ်။

မတော်တဆ ဖြစ်မှု အများစုမှာ မော်တော်ဆိုင်ကယ်တွေ ပါဝင်ပြီး ၇၆ ဒသမ ၉၂ ရာခိုင်နှုန်းဟာ မော်တော်ဆိုင်ကယ်တွေ ပါဝင်တဲ့ မတော်တဆ ဖြစ်မှုတွေ ဖြစ်ပါတယ်။

လမ်းအဖြောင့်တွေမှာ ယာဉ်မတော်တဆမှု အများဆုံး ဖြစ်ကြောင်းလည်း ထိုင်း ပို့ဆောင်ရေးဝန်ကြီးဌာနက ပြောပါတယ်။

အားလပ်ရက် ပထမဆုံး သုံးရက်တာအတွင်း မတော်တဆ ဖြစ်မှု ၇၉၆ ခု ဖြစ်ပွားခဲ့ပြီး ၁၄၅ ဦး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ထိုင်းမှာ နှစ်သစ်ကူးရောက်တိုင်း နှစ်စဉ် ယာဉ်မတော်တဆ ဖြစ်မှုတွေ အများကြီး ဖြစ်ပွားလေ့ရှိပြီး တင်းကြပ်တဲ့ စည်းကမ်းတွေ ထုတ်ပြန်ထားပေမယ့်လည်း မတော်တဆ ဖြစ်မှုတွေကို မတားဆီးနိုင် ဖြစ်နေပါတယ်။

အရက်သောက်ပြီး ယာဉ်မောင်းနှင်သူတွေကို အရေးယူဖို့နဲ့ စစ်ဆေးမှုတွေ တင်းတင်းကြပ်ကြပ် လုပ်ဆောင်ဖို့ ဒေသဆိုင်ရာ အရာရှိတွေကို အစိုးရက ညွှန်ကြားထားကြောင်း သိရပါတယ်။

Ref:Bangkokpost

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.