တိုကျို ဒီဇင်ဘာ ၅

တရုတ်က ဒီနေ့အချိန်အထိ အကြီးမားဆုံး ရေတပ်အင်အား ပြသတဲ့အနေနဲ့ အခုသီတင်းပတ်အတွင်း အရှေ့ အာရှ ရေပြင်တဝှမ်း ရေယာဉ်တွေ အများဆုံး ချထားကြောင်း ရိုက်တာ သတင်းဌာနက ဖော်ပြခဲ့ပြီးနောက် ဒေသတွင်း တရုတ်ရဲ့ စစ်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ ထိုင်ဝမ်နဲ့ ဂျပန်တို့က စိုးရိမ်ကြောင်း ဒီဇင်ဘာ ၅ ရက်မှာ ပြောလိုက်ပါတယ်။

တရုတ်က အရှေ့အာရှ ရေပြင်မှာ ရေတပ်သင်္ဘောတွေနဲ့ ကမ်းခြေစောင့်သင်္ဘောတွေ အများကြီး ချထားပြီး အခြေအနေတစ်ခုမှာ အစီးရေ ၁၀၀ ကျော် ချထားကြောင်း ရိုက်တာ သတင်းဌာနက ဒီဇင်ဘာ ၄ ရက်မှာ သတင်းရင်းမြစ်တွေနဲ့ ထောက်လှမ်းရေးသတင်းတွေကို ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။

ထိုင်ဝမ်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ကာရန် ကူအိုက တရုတ်ရဲ့ လုပ်ရပ်တွေဟာ ထိုင်ဝမ် ရေလက်ကြား တစ်ခုတည်းအတွက် ရည်ရွယ်တာ မဟုတ်ဘဲ ပင်လယ်ဝါကနေ အရှေ့ တရုတ်ပင်လယ်ရှိ အငြင်းပွားနေတဲ့ ဆန်ကာကူကျွန်းအနီး ရေပြင်အထိ တောင်တရုတ် ပင်လယ်အထိ ပစိဖိတ်အနောက်ပိုင်း ရေပြင်အထိ ရည်ရွယ် လုပ်ဆောင်နေတာ ဖြစ်တယ်လို့ တိုင်ပေမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောပါတယ်။

ဒီလုပ်ရပ်ကြောင့် အင်ဒို-ပစိဖိတ်ဒေသနဲ့ ဒေသ တစ်ခုလုံးကို ခြိမ်းခြောက်တာ ဖြစ်ပြီး သက်ရောက်မှုတွေ ရှိကြောင်း သူက ဖြည့်စွက် ပြောပါတယ်။

တရုတ်အနေနဲ့ အဓိက အင်အားကြီး နိုင်ငံတစ်နိုင်ငံအနေနဲ့ ကိုယ့်တာဝန်တွေ အတိုင်း ဆောင်ရွက်ဖို့နဲ့ လုပ်ရပ်တွေကို ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ဖို့ မိမိတို့ တိုက်တွန်းကြောင်း ပြောခွင့်ရသူ ကာရန်က ဆိုပါတယ်။

ထိုင်ဝမ်သမ္မတ လိုင်ချင်းတီက လုံခြုံရေးတပ်တွေအနေနဲ့ အခြေအနေကို အမြဲ သတိပြုမိနေအောင်နေကြဖို့နဲ့ အချိန်နဲ့တပြေးညီ သတင်းရရှိအောင် ဆောင်ရွက်ကြဖို့ ညွှန်ကြားထားကြောင်းလည်း သူက ပြောပါတယ်။

အင်ဒို-ပစိဖိတ်ဒေသ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ပူးပေါင်း ကာကွယ်ဖို့ မိမိတို့နဲ့ ရင်းနီး ခင်မင်တဲ့ နိုင်ငံတွေနဲ့ အနီးကပ် ဆက်သွယ်ပြီး ပူးပေါင်းဆောင်ရွက်နေကြောင်း သူက ပြောဆိုပါတယ်။

အရှေ့တရုတ်ပင်လယ်မှာ တရုတ်ရဲ့ လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ မေးမြန်းရာမှာ ဂျပန် ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရို ကိုအိဇုမိက မိမိတို့အနေနဲ့ အဲဒီသတင်းတွေကို သတိပြုမိပြီး တရုတ် စစ်တပ်ရဲ့ လှုပ်ရှားမှုတွေကို ကြီးကြီးမားမား အာရုံစိုက်ပြီး စောင့်ကြည့်နေတယ်လို့ တိုကျိုမြို့မှာ ပြောကြားခဲ့ပါတယ်။

ဒီမိုကရေစီနည်းနဲ့ ကိုယ်ပိုင် အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကို တရုတ်က သူတို့ ကိုယ်ပိုင် ဒေသလို့ ရှုမြင်ပြီး သူတို့ အုပ်ချုပ်မှုအောက် ပြန်ထားရှိရေး အင်အားသုံးစရာလိုရင် သုံးမယ်လို့ ပြောထားပါတယ်။

တရုတ်က ထိုင်ဝမ်ကို တိုက်ခိုက်လာရင် မိမိတို့ စစ်ရေးအရ ပါဝင်ရနိုင်တယ်လို့ ဂျပန် ဝန်ကြီးချုပ် ဆာနေး တာကာအီချီက ပြောကြားခဲ့ပြီးနောက် တရုတ်နဲ့ ဂျပန်ကြား တင်းမာမှုတွေ မြင့်တက်လာခဲ့ပါတယ်။

နိုဝင်ဘာနဲ့ ဒီဇင်ဘာဟာ တရုတ် စစ်တပ်အတွက် အစဉ်အလာ အလုပ်ရှုပ်တဲ့ ကာလ ဖြစ်ပေမယ့် လောလောဆယ်မှာ တရုတ်ရေတပ်က ကြီးကြီးမားမား အစီအစဉ် တစ်စုံတစရာ ကြေညာထားတာ မရှိသေးပါဘူး။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.