မော်လမြိုင်၊ နိုဝင်ဘာ ၂၇
မွန်ပြည်နယ် မော်လမြိုင်မြို့ ဇေတဝန်ကျောင်းတိုက် သာသနာနွယ်ဖောင်ဒေးရှင်း ဆရာတော် အရှင် စန္ဒာဇောတိဟာ ဒီကနေ့ နိုဝင်ဘာ ၂၇ ရက်နေ့ ညနေပိုင်းမှာ ဖမ်းဆီးခံလိုက်ရတယ်လို့ စစ်ကော်မရှင်နဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဖမ်းဆီးခံလိုက်ရတဲ့ မော်လမြိုင်သာသနာနွယ် ဆရာတော် အရှင် စန္ဒာဇောတိဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက မော်လမြိုင် တောင်ဝိုင်းတောင်မှာ မွန်ပြည်နယ်စစ်ကော်မရှင်ရဲ့ တောင်မြေဖြိုမှုအပေါ် လူမှုကွန်ရက်စာမျက်နှာမှာ နေပြည်တော်က သိစေဖို့ဆိုတဲ့ ပို့စ်တစ်ခုကို ဓာတ်ပုံနဲ့တကွ ရေးသားဖော်ပြဖူးပါတယ်။

ဆရာတော် အရှင် စန္ဒာဇောတိဟာ သူ့ကျောင်းတိုက်ဘေးက မော်လမြိုင်လေယာဉ်ကွင်းအနီးဝန်းကျင်မှာ အထပ်အမြင့်အဆောက်အဦး တည်ဆောက်တာအပြင် သာသနာညိုးနွမ်းစေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ခေါ်ဆောင်စစ်ဆေးခံနေရတယ်လို့ ဆိုပါတယ်။

ဆရာတော်အား ဖမ်းဆီးစဉ် ဆရာတော်ရဲ့ တပည့်နှစ်ဦးနဲ့ ကားတချို့ကိုလည်း စစ်ကော်မရှင်က တစ်ခါတည်း ဖမ်းဆီးသိမ်းဆည်းသွားတယ်လို့ စစ်ကော်မရှင်နဲ့နီးစပ်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
နောက်ဆုံးရရှိထားတဲ့ သတင်းတွေအရ ဆရာတော်ကို စစ်ကော်မရှင်က ဥပဒေပုဒ်မတချို့နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပေမယ့် သံလွင်တိုင်းမ်အနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – မော်လမြိုင်သာသနာနွယ် ဆရာတော်

