ဘန်ကောက်၊ နိုဝင်ဘာ ၁၃

အရှေ့တောင်အာရှမှာ တရားမဝင် လောင်းကစား အင်ပါယာတစ်ခု တည်ဆောက်ထားတယ်လို့ စွပ်စွဲခံထားရတဲ့ တရုတ်နိုင်ငံသား ရှဲကျီကျန်းကို မိခင်နိုင်ငံဆီ လွှဲပြောင်းလိုက်ပြီ ဖြစ်တာကြောင့် သူ့အပေါ် ချမှတ်ထားတဲ့ အဲဒီအမိန့် ချေပရေး နှစ်များစွာကြာ ကြိုးပမ်းမှု အဆုံးသတ်သွားခဲ့ပြီ ဖြစ်ပါတယ်။

တရုတ်က နိုင်ငံတကာ ရဲတပ်ဖွဲ့ အင်တာပိုဆီ တောင်းဆိုထားမှုအရ ထိုင်းရဲတပ်ဖွဲ့က သူ့ကို ဖမ်းဆီးပြီးနောက် ၂၀၂၂ ခုနှစ်ကတည်းက ထိုင်းမှာ ထိန်းသိမ်းထားခဲ့တာ ဖြစ်ပါတယ်။

ရှဲကျီကျန်းဟာ တရားမဝင် အွန်လိုင်းလောင်းကစား ဂိုဏ်းတွေ ဖွင့်ထားတယ်လို့ တရုတ်က စွပ်စွဲထားပြီး သူ့ကို လွှဲပြောင်းပို့ဆောင်ရေး အမိန့်ကို ထိုင်းတရားရုံးက အခု သီတင်းပတ် အတွင်း ထပ်ပြီး အတည်ပြုခဲ့ပါတယ်။

နိုဝင်ဘာ ၁၂ ရက်က လုံခြုံရေးတပ်ဖွဲ့ဝင် နှစ်ယောက် ခြံရံပြီးတော့ ရှဲကျီကျန်း ဘန်ကောက်လေဆိပ်သို့ ရောက်ရှိလာခဲ့ ပါတယ်။

ထိုင်းနန်းတော်ရဲ့ အကြီးအကဲ တစ်ဦးရဲ့ ပထမဆုံး နိုင်ငံတော်ခရီးစဉ်အဖြစ် ဘေဂျင်းသို့ ထိုင်းဘုရင် သွားရောက်ခဲ့ပြီးနောက်မှာ သူ့ကို လွှဲပြောင်းပို့ဆောင်မှု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံသား ထောင်ပေါင်းများစွာကို ပိတ်လှောင်ထားပြီး ဘေဂျင်းက နှိမ်နှင်းခဲ့တဲ့ အရှေ့တောင်အာရှရှိ ကြီးမားတဲ့ ဆိုက်ဘာ လူလိမ်ဂိုဏ်းများ စုရပ်တွေနဲ့ ဆက်နွယ်နေတဲ့ နာမည်ကြီးတွေထဲမှာ ရှဲကျီကျန်းလည်း တစ်ယောက် အပါအဝင် ဖြစ်ပါတယ်။

သူ့ရဲ့ နာမည်အဆိုးဆုံးနဲ့ ကျော်ကြားတဲ့ စီမံကိန်းတွေထဲက တစ်ခုကတော့ ထိုင်းနယ်စပ် အနီး မြန်မာနိုင်ငံက ရွှေကုက္ကိုလ်မြို့ ဖြစ်ပါတယ်။

ကြော်ငြာ ဗီဒီယိုတွေမှာတော့ အဲဒီမြို့ကို တရုတ် ခရီးသွားတွေအတွက် အပန်းဖြေမြို့ တစ်မြို့လို ပုံဖော်ထားပေမယ့် အမှန်တကယ်မှာတော့ အွန်လိုင်း လူလိမ်ဂိုဏ်းတွေ၊ ငွေကြေးခဝါချမှုတွေနဲ့ လူကုန်ကူးလုပ်ငန်းတွေရဲ့ စုရပ် ဖြစ်ပါတယ်။

လူလိမ်လုပ်ငန်းတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဆက်စပ်နေတဲ့ ရှဲကျီကျန်းနဲ့ သူ့ရဲ့ ရထိုက်ကုမ္ပဏီကို အမေရိကန်နဲ့ ဗြိတိန်တို့က ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ထားပါတယ်။

ရှဲကျီကျန်းက သူ့ကုမ္ပဏီအနေနဲ့ ကျားဖြန့်လုပ်ငန်းတွေကို လုံးဝ လက်ခံမှာ မဟုတ်ဘူးလို့ ယခုနှစ် စောစောပိုင်းက ထောင်ထဲကနေ ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ ရွှေကုက္ကိုလ်ကို ဘယ်သူမဆို ဝင်ထွက်သွားလာနိုင်အောင် လမ်းဖွင့်ပေးလိုက်ပြီး နောက်ပိုင်း ကျားဖြန့်လုပ်ငန်းတွေ ဝင်လာနိုင်တယ်ဆိုတာကိုတော့ သူက ဝန်ခံထားပါတယ်။

၁၉၈၂ ခုနှစ်မှာ တရုတ်နိုင်ငံ ဟူနန်ပြည်နယ်ရှိ ဆင်းရဲတဲ့ ကျေးရွာတစ်ခုမှာ မွေးဖွားခဲ့တဲ့ ရှဲကျီကျန်းဟာ အသက် ၁၄ နှစ် အရွယ်မှာ ကျောင်းက ထွက်ခဲ့ပြီး ကွန်ပြူတာ ကုတ်ရေးသားနည်းပညာ သင်ယူခဲ့ပါတယ်။

သူဟာ အသက် ၂၀ ကျော်လောက်မှာ ဖိလစ်ပိုင်သို့ ပြောင်းရွှေ့သွားခဲ့ပြီး တရုတ်နိုင်ငံမှာ တရားမဝင်ဘူးလို့ သတ်မှတ်ထားတဲ့ အွန်လိုင်း လောင်းကစားလောကထဲ ဝင်ရောက်လာခဲ့ ပါတယ်။

တရားမဝင် ထီလုပ်ငန်း လုပ်ကိုင်တယ်ဆိုပြီး ၂၀၁၄ ခုနှစ်အတွင်း တရုတ်တရားရုံး တစ်ရုံးက သူ့ကို ပြစ်မှုထင်ရှားကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။

ဒါပေမဲ့ နှစ်များစွာအကြာမှာ သူ့ရဲ့ အွန်လိုင်း လောင်းကစားလုပ်ငန်းကို ကမ္ဘောဒီးယားနဲ့ ဒေသတွင်း တခြား နိုင်ငံတွေဆီကို ချဲ့ထွင်လာနိုင်ခဲ့ပါတယ်။

သူဟာ ကမ္ဘောဒီးယား နိုင်ငံသားလက်မှတ်၊ မြန်မာနိုင်ငံသား ဖြစ်မှု လက်မှတ်တွေလည်း ကိုင်ဆောင်ထားတယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောပါတယ်။

အရှေ့တောင်အာရှတဝှမ်း ကျားဖြန့်လုပ်ငန်းတွေမှာ ထိန်းသိမ်းခံထားရသူ ထောင်နဲ့ချီ ရှိတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပြီး အများစုဟာ လူကုန်ကူးခံရသူတွေ ဖြစ်ပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.