ကုလသမဂ္ဂ၊ စက်တင်ဘာ ၁၉

ဂါဇာကမ်းမြောင်ဒေသမှာ အပစ်အခတ် ရပ်စဲဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့တိုက်တွန်းချက်ကို အမေရိကန်က ဗီတိုအာဏာနဲ့ စက်တင်ဘာ ၁၈ ရက်မှာ ထပ်မံ တားဆီးလိုက်ပြီး သူ့ရဲ့ မဟာမိတ် အစ္စရေးကို အဓိပ္ပါယ် ပြည့်ဝတဲ့ သံတမန်ရေး ဖိအားတွေကနေ ကာကွယ်ပေးလိုက်ပါတယ်။

ဂါဇာမှာ အငတ်ဘေးဆိုက်နေကြောင်း ကုလရဲ့ တရားဝင် ကြေညာချက်ကို တုံ့ပြန်တဲ့အနေနဲ့ သြဂုတ်လမှာ စတင်ခဲ့တဲ့ အဲဒီ ဆုံးဖြတ်ချက်ကို တခြားသော လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၄ နိုင်ငံက ထောက်ခံခဲ့ကြပါတယ်။

မကြာသေးခင်က မြေပြင်ထိုးစစ်ဆင်မှုရဲ့ အဓိကပစ်မှတ်ဖြစ်တဲ့ ဂါဇာစီးတီးကို အစ္စရေးက သံချပ်ကားတွေ၊ တိုက်လေယာဉ်တွေနဲ့ အရှိန်မြှင့် တိုက်ခိုက်နေတာကြောင့် ပါလက်စတိုင်းသား အများအပြား ထွက်ပြေးနေရချိန်မှာ အခုလို မဲခွဲဆုံးဖြတ်မှု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် မူကြမ်းမှာ ဖော်ပြထားတာက ဂါဇာမှာ ချက်ချင်း ခြွင်းချက်မရှိ အမြဲတမ်း အပစ်အခတ်ရပ်စဲပြီး သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးက လေးစားလိုက်နာရမှာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ဒါက အစ္စရေးနဲ့ ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့ ဟားမာ့စ်ကြား နှစ်နှစ်နီးပါးကြား စစ်ပွဲနဲ့ ပတ်သက်လို့ လုံခြုံရေးကောင်စီမှာ အမေရိကန် ဗီတိုအာဏာ သုံးပြီး ပယ်ချမှု ဆဌမအကြိမ် ဖြစ်ပါတယ်။

အရင်က အမေရိကန်ရဲ့ ဗီတိုအာသုံးပြီး ပယ်ချမှုကို လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၄ နိုင်ငံက ဒေါသထွက်ခဲ့ကြပြီး အခုတစ်ကြိမ် ဗီတိုအာဏာသုံးပြီး ပယ်ချမှုကြောင့်လည်း စိတ်ပျက်ကြောင်း ပြောဆိုခဲ့ကြပါတယ်။

အစ္စရေးဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာက စတင်ပြီး ဂါဇာမှာ လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်နေတယ်လို့ ကုလသမဂ္ဂ ခွင့်ပြုထားတဲ့ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးအဖွဲ့က စက်တင်ဘာ ၁၆ ရက်မှာ စွပ်စွဲထားပါတယ်။

ဒီကိစ္စကို လာမယ့်သီတင်းပတ် နယူးယောက်မှာ ကျင်းပမယ့် ကုလ နှစ်စဉ် ညီလာခံမှာ အကျယ်တဝင့် ဆွေးနွေးသွားဖို့ ရှိနေပါတယ်။

ကုလဆိုင်ရာ အစ္စရေး သံအမတ်ကြီး ဒန်နီ ဒါနွန်က လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို ပြစ်တင် ရှုတ်ချပြီး ကောင်စီဝင် တချို့အတွက် ဒါဟာ ဟန်ပြလုပ်ဆောင်မှု ဖြစ်တယ်လို့ ပြောပါတယ်။

Ref:Agencies

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.