ငဖဲ၊ စက်တင်ဘာ ၁၁
မကွေးတိုင်း ငဖဲမြို့နယ် စွန်တက်ကျေးရွာ အရှေ့မြောက်ဘက်မှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအ တွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၇၀ ဦးကျော် သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ အာရက္ခတပ်တော် AA က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်နေ့ကစလို့ ငဖဲမြို့နယ် စွန်တက်ကျေးရွာ အနီးတစ်ဝိုက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကော်မရှင်တပ်တွေနဲ့ အာရက္ခတပ်တော်တို့ကြား နှစ်ဖက်ထိတွေ့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့တာပါ။
စက်တင်ဘာ ၇ ရက်နေ့ မနက်ပိုင်းက ငဖဲမြို့နယ် စွန်တက်ကျေးရွာ အရှေ့မြောက်ဘက်မှာ ဖြစ်ပွားခဲ့တဲ့ ၈ နာရီနီးပါးအကြာ ခုခံစစ်အတွင်း စစ်ကော်မရှင်တပ်သား အလောင်း ၆၀ ကျော်နဲ့ စစ်အသုံး အဆောင်ပစ္စည်း၊ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ AA က ဆိုပါတယ်။
တိုက်ပွဲအတွင်း အထိနာခဲ့တဲ့ စစ်ကော်မရှင်တပ်ဟာ စကခ ၁၇ လက်အောက်ခံ တပ်ရင်းတစ်ခုဖြစ်တဲ့ ဒုဗိုလ်မှူးကြီး ပြည့်ဖြိုးအောင် ဦးဆောင်လာတဲ့ ရှမ်းပြည်အရှေ့ပိုင်း မိုင်းပန်အခြေစိုက် ခလရ ၂၉၅ တပ်ရင်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အလားတူ စက်တင်ဘာ ၇ ရက်နေ့ ညနေပိုင်းမှာလည်း စစ်ကော်မရှင်ရဲ့ နောက်ထပ်စစ်ကြောင်းတစ်ကြောင်းဟာ စွန်တက်ကျေးရွာ အရှေ့မြောက်ဘက်ရှိ နတ်ရေကန်ကုန်းရဲ့ တောင်ဘက် ဝေဠုဝန်ကျောင်းဘက်မှ ထပ်မံထိုးစစ်ဆင် တိုက်ခိုက်လာတာကြောင့် မျက်မြင် ၁၀ ဦးနီပါး သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်း ရမိခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ စစ်ကော်မရှင်ရဲ့ စကခ ၁၇ လက်အောက်ခံ တပ်ရင်းတွေဖြစ်တဲ့ ခမရ ၅၇၄၊ ၅၆၉၊ ၅၇၅၊ ၅၇၇၊ ၅၂၀၊ ခလရ ၂၉၅ တပ်ရင်းတွေအပြင် စစ်မှုထမ်း တပ်သားသစ်စုဆောင်းခံထားတဲ့ သင်တန်း ဆင်း တပ်သားသစ်တွေ စုပေါင်းပြီး မကွေး-ရက္ခိုင်အစပ်ရှိ ဆုံးရှုံးထားတဲ့ နေရာတွေကို ပြန်လည်ရရှိဖို့ ထိုးစစ်နေတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – AA