ဘားအံ ၊ စက်တင်ဘာ ၁၁
လာမယ့် ဒီဇင်ဘာနှောင်းပိုင်းမှာ စတင်ကျင်းပမယ့် အပိုင်းလိုက် အထွေထွေရွေးကောက်ပွဲအတွက် ကရင်ပြည်နယ်အတွင်း သတ်မှတ်ထားတဲ့ အမျိုးသားလွှတ်တော်က မဲဆန္ဒနယ်မြေတွေအားလုံးမှာ ဝင်ပြိုင်မယ်လို့ မွန်တိုးတက်ရေးပါတီက သံလွင်တိုင်းမ်ကို ပြောပါတယ်။
နိုင်သူအကုန်ယူစနစ် FPTP နဲ့ အချိုးကျကိုယ်စားပြုစနစ် RP တို့ကို ပေါင်းစပ်ကျင့်သုံးမယ့် အမျိုး သားလွှတ်တော်မှာ ကိုယ်စားလှယ်လောင်း ၁၂ ဦးနဲ့ တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်မှာလည်း ကိုယ် စားလှယ်လောင်းတစ်ဦး ဝင်ပြိုင်ဖို့ ရှိနေတာပါ။
ပြည်ထောင်စုလွှတ်တော်မှာ ဥပဒေရေး အမျိုးသားရေးတွေကို တင်ပြနိုင်ဖို့ ပြည်နယ်လွှတ်တော်ကို ဦးစားမပေးဘဲ အမျိုးသားလွှတ်တော်မှာ ဝင်ပြိုင်ဖို့ ဆုံးဖြတ်တာလို့ မွန်တိုးတက်ရေးပါတီ ခေါင်း ဆောင်တစ်ဦးက အခုလို ရှင်းပြပါတယ်။
“ပဏာမ ရွေးချယ်ထားတာက ပြည်နယ်နဲ့ အမျိုးသားလွှတ်တော်ကို အမျိုးသားကို ရွေးလိုက်တာပေါ့။ ကျွန်တော်တို့ အင်အားနှစ်ရပ်ကတော့ အောက်ခြေမှာ တိုင်းရင်းသားရေးရာ တစ်ယောက်ရှိမယ်။ ပြီးလို့ ရှိရင် ပြည်ထောင်စုကိုလည်း တစ်ယောက်တစ်ယောက်လောက် တက်ချင်သေးတာပေါ့၊ နှစ်ခုလုံး ပါစေချင်တာပေါ့။ ပြည်နယ်မှာချည်းပဲ အကုန်လုံးပေါင်းဝင်လိုက်မယ်ဆိုရင်လည်း ပြည် ထောင်စုမှာ ကျွန်တော်တို့ ဥပဒေပြောင်းလဲရေး အမျိုးသားရေးတွေ ဘာတွေ တင်ပြပေးမယ့်သူက မရှိနေပြန်ဘူးလေ။ အဲဒါကြောင့်မို့ ပြည်ထောင်စုရော ပြည်နယ်ရောကို စဉ်းစားတဲ့အခါ အမျိုးသားလွှတ်တော်နဲ့ တိုင်းရင်းသားရေးရာအောက်ခြေ ဒါပဲကစားမယ်လို့ ကျွန်တော်တို့ စဉ်းစားလိုက်တယ်ပေါ့” လို့ ဆိုပါတယ်။
စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လာမယ့်အထွေထွေ ရွေး ကောက်ပွဲမှာ ပြည်သူ့လွှတ်တော်ကလွဲရင် အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည် နယ်လွှတ်တော်မှာ စနစ်နှစ်ခု ပေါင်းစပ်ကျင့်သုံးဖို့ သတ်မှတ်ခဲ့ပါတယ်။
FPTP စနစ် ကျင့်သုံးမယ့် အမျိုးသားလွှတ်တော်မှာ မြို့နယ် ၇ ခုရှိတဲ့ ကရင်ပြည်နယ်အတွက် ဖာပွန်နဲ့ သံတောင်ကြီးမြို့နယ်တွေကို မဲဆန္ဒနယ်မြေ တစ်နယ်အဖြစ် ပေါင်းထားပြီး ကျန်မြို့နယ်တွေကိုတော့ မဲဆန္ဒယ်မြေတစ်နယ်စီ သတ်မှတ်ထားတာပါ။ ဒါကြောင့် ရွေးကောက်တင်မြှောက်မယ့် ကိုယ် စားလှယ်လောင်းအရေအတွက်ဟာ ခြောက်ဦးဖြစ်ပါတယ်။
အချိုးကျကိုယ်စားပြုစနစ် PR မှာတော့ အမျိုးသားလွှတ်တော်အတွက် ကရင်ပြည်နယ်က မြို့နယ် ၇ ခုလုံးကို တစ်ပြည်နယ်လုံးစာ မဲဆန္ဒနယ်မြေတွေအဖြစ် သတ်မှတ်ထားတဲ့အတွက် ကိုယ်စားလှယ်လောင်းခြောက်ဦး ရွေးကောက်တင်မြှောက်ရမှာပါ။
ဒါကြောင့် ကရင်ပြည်နယ်အတွင်း စည်းရုံးမယ့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားတဲ့ မွန်တိုးတက်ရေးပါတီက အမျိုးသားလွှတ်တော်မှာ သတ်မှတ်ထားတဲ့ စနစ်နှစ်ခုရဲ့ မဲဆန္ဒနယ်တွေမှာ အပြည့်ပြိုင်မှာဖြစ်လို့ ကျန်လွှတ်တော်တွေကိုတော့ လက်လွှတ်ဖို့ စဉ်းစားနေပါတယ်။
“ပြည်သူ့လွှတ်တော်ရယ် ပြည်နယ်လွှတ်တော်ရယ် ကျွန်တော်တို့ (ဝင်မပြိုင်ဖို့) လွှတ်ဖို့ စဉ်းစားထားတယ်။ ဒါက ကျွန်တော်တို့ရဲ့ပဏာမ စဉ်းစားချက်ပေါ့လေ။ ပြီးတော့ ဒီကြားထဲမှာ လွှတ်တော်ကိုယ် စားလှယ်က လောက်လောက်လားလားရှိတယ် ရှာလို့ရနိုင်မယ် ကျွန်တော်တို့ကို အချိန်ပေးထားတာ ၅ ရက်တောင်မှ ဆိုတော့ စိတ်ပါဝင်စားသူ ကိုယ်တိုင်လည်း စိတ်ထက်သန်မယ် ကုန်ကျငွေ သင့်တင့်လည်း ခံနိုင်မယ်ဆိုရင်တော့ ပြည်သူ့လွှတ်တော်ကို ကျွန်တော်တို့ စဉ်းစားရမှာပေါ့၊ တစ်ယောက်စ နှစ်ယောက်စပေါ့”လို့ မွန်တိုးတက်ရေးပါတီ ခေါင်းဆောင်က ပြောပါတယ်။
မွန်တိုးတက်ရေးပါတီအနေနဲ့ အမျိုးသားလွှတ်တော်မှာ သတ်မှတ်မဲဆန္ဒနယ်အပြည့်နဲ့ ပြည်နယ်လွှတ်တော်မှာလည်း မွန်တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်တစ်နေရာ ဝင်ပြိုင်ဖို့ရှိနေပြီး ပြည်သူ့ လွှတ် တော်မှာ ဝင်ပြိုင်ဖို့ မပြိုင်ဖို့ အစည်းအဝေးဆုံးဖြတ်ချက် အတည်မပြုရသေးပါဘူး။
တစ်ဘက်မှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှတ်တော်အသီးသီးအတွက် ကိုယ်စား လှယ်လောင်းအမည်စာရင်း စတင်တင်သွင်းရမယ့်နေ့ကို စက်တင်ဘာ ၈ ရက်နေ့အဖြစ် သတ်မှတ်ထားတာပါ။
ဒါ့အပြင် ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းလွှာတွေကို ရုတ်သိမ်းလိုရင် စက်တင်ဘာ ၁၂ ရက်နေ့ နောက်ဆုံးထား ရုတ်သိမ်းနိုင်ပြီး စိစစ်မယ့်နေ့ရက်ကိုတော့ စက်တင်ဘာ ၁၈ ရက်ကနေ အောက်တိုဘာ ၄ ရက်နေ့အထိ သတ်မှတ်ထားတာ ဖြစ်ပါတယ်။
ဒီအပေါ် ကိုယ်စားလှယ်လောင်းတစ်ဦးချင်းစီကို သတ်မှတ်ထားတဲ့ အရည်အချင်းတွေ အချက်အ လက်တွေ ပြည့်စုံအောင် သေချာစိစစ်ပြီးမှသာ လာမယ့် ရက်ပိုင်းအတွင်း ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းသွားမယ်လို့ မွန်တိုးတက်ရေးပါတီက ဆိုပါတယ်။
အချိုးကျကိုယ်စားပြုစနစ် PR ကျင့်သွားမယ့် လွှတ်တော်တွေမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် နိုင်ငံ ရေးပါတီတွေအနေနဲ့ ဦးစားပေး ကိုယ်စားလှယ်လောင်းအမည်စာရင်းတွေကို စာရင်းပိတ်အဖြစ် တင်သွင်းရမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ သိရပါတယ်။
ရွေးကောက်ပွဲဝင်ပြိုင်မယ့် မွန်တိုးတက်ရေးပါတီဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြဌာန်းခဲ့တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကြောင့် မူရင်းပါတီဖြစ်တဲ့ မွန်ညီညွတ်ရေးပါတီက ပြည် နယ်အဆင့် လျှော့ချရာကနေ ဖြစ်တည်လာတာပါ။
ဒါဟာ ကရင်ပြည်နယ်မှာ လှုပ်ရှားနေတဲ့ မွန်ညီညွတ်ရေးပါတီက နိုင်ငံရေးပါတီအဖြစ် ရပ်တည်ဖို့ ပြည်နယ်အတွင်းစည်းရုံးမယ့် မွန်တိုးတက်ရေးပါတီအမည်နဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ ပါတီတည်ထောင်ခွင့် လျှောက်ခဲ့ပါတယ်။ အဲဒီကနေတဆင့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်လျှောက်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဧပြီမှာတော့ ပါတီမှတ်ပုံတင်ခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-မွန်တိုးတက်ရေးပါတီ