မော်လမြိုင် ၊ စက်တင်ဘာ ၁၁
နိုင်ငံရေးပါတီအဖြစ် ပါတီမှတ်ပုံတင်ခွင့်ရရှိထားတဲ့ အမျိုးသမီးပါတီ(မွန်)အပါအဝင် နိုင်ငံရေးပါတီ လေးခုကို ပါတီအဖြစ်ကနေ ဖျက်သိမ်းလိုက်တယ်လို့ စစ်ကော်မရှင်ရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က စက်တင်ဘာ ၉ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။
အမျိုးသမီးပါတီ(မွန်)၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စုလယ်သမား အလုပ်သ မားအင်အားစုပါတီတို့ဟာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၅ ပုဒ်မခွဲ(ဇ)အရ သတ် မှတ် ပါတီရုံးခန်းမဖွင့်နိုင်လို့ ဖျက်သိမ်းလိုက်တယ်လို့ ဆိုပါတယ်။
နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ ပြည်ထောင်စုတဝန်း စည်းရုံးမယ့်ပါတီ ဖြစ်ပါက ပါ တီဝင်ဦးရေ အနည်းဆုံး ၅၀၀၀၀ ရှိရမှာ ဖြစ်ပြီး မြို့နယ်အားလုံးရဲ့ အနည်းဆုံး သုံးပုံတစ်ပုံမှာ ပါတီ ရုံးခန်း ဖွင့်လှစ်ရမယ်လို့ ပြဌာန်းထားပါတယ်။
အမျိုးသမီးပါတီ(မွန်) ဥက္ကဋ္ဌ မိသန်းရှင်ကတော့ သတ်မှတ်ထားတဲ့ ပါတီရုံးခန်းထက် ကျော်လွန်အောင် တင်ထားပေးသလို ပါတီဝင်တွေကလည်း သတ်မှတ်အရေအတွက်ထက် ကျော်လွန်ကြောင်းနဲ့ ပါတီဖျက်သိမ်းမှုဟာ ဘက်ပေါင်းစုံ ထိုးနှက်မှုလို့ ပြောပါတယ်။
“နေပြည်တော်မှာ အစုံတင်ပြထားတယ်။ ရုံးလည်း ကျော်တယ်။ ပါတီအင်အားက ပြည့်တယ်။ သူတို့စိစစ်တော့ ပြန်ပို့တယ်။ ပြည့်တယ်။ တင်ထားတာလည်း ရုံး ၁၁၀ ကျော်တယ်။ မြို့နယ်တွေ ဘာတွေ အကုန်အပြည့်ပဲ။ ကျော်တောင် ကျော်တယ်ပေါ့နော်။ ဒါပေမယ့် ကျွန်မတို့ ပြိုင်ဘက်ပါတီက များတယ်။ ကျွန်မတို့ကို ရိုက်တဲ့ပါတီတွေက အဲဒီလိုမျိုး ဘက်ပေါင်းစုံက ထိုးနှက်ကျတာ ခံနေရတာပေါ့နော်။ ဒါကတော့ ကျွန်မမြင်တာက နိုင်ငံရေးလှည့်ကွက်လို့ပဲ မြင်ပါတယ်” လို့ ဆိုပါတယ်။
ပါတီဖျက်သိမ်းခံရမှုအပေါ် စစ်ကော်မရှင် လက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို တင်ပြပြီး ဆွေးနွေးသွားဖို့ရှိသလို ပါတီဆက်လက် ရှင်သန်ရပ်တည်နိုင်အောင် လုပ်ဆောင်သွားမယ်လို့ မိသန်းရှင်က ပြောပါတယ်။
အမျိုးသမီးပါတီ(မွန်) ကို ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်က စတင်တည်ထောင်ခဲ့တာ ဖြစ်ပြီး ၂၀၁၅ နဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် တစ်နေရာမှ အနိုင်ရရှိတာ မရှိခဲ့ပါဘူး။
အာဏာသိမ်း စစ်အုပ်စု လက်ထက်မှာတော့ အမျိုးသမီးပါတီ(မွန်)ကို ပြန်လည်မှတ်ပုံတင်ပြီးတဲ့နောက် ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇွန် ၂၃ ရက်နေ့မှာ ပါတီမှတ်ပုံတင် ရရှိခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် အမျိုးသမီးပါတီ(မွန်)ကို စစ်ကော်မရှင်ရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က စက်တင်ဘာ ၉ ရက်နေ့ ရက်စွဲနဲ့ ပါတီအဖြစ်ကနေ ဖျက်သိမ်းလိုက်တာပါ။
အမျိုးသမီးပါတီ(မွန်) ဥက္ကဋ္ဌ မိသန်းရှင်ကတော့ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကြိုးပမ်းရတာဟာ ပါတီအနိုင်ရရေး မဟုတ်ဘဲ ပါတီရေရှည်တည်တံ့အောင် လုပ်ဆောင်တာလို့ သံလွင်တိုင်းမ်ကို ပြောဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-အမျိုးသမီးပါတီ(မွန်)