နယူးဒေလီ၊ သြဂုတ် ၂၇
ရုရှားဆီက ရေနံနဲ့လက်နက်တွေ ဝယ်ယူနေတာကြောင့် ဒဏ်ခတ်တဲ့အနေနဲ့ အိန္ဒိယ ပို့ကုန်တွေအပေါ် ထပ်တိုးအခွန် ၂၅ ရာခိုင်နှုန်းကောက်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့် ကြေညာခဲ့ပြီးနောက် သီတင်းပတ်တော်တော်များများ အကြာမှာ စုစုပေါင်း အခွန် ၅၀ ရာခိုင်နှုန်း ကောက်ခံမှု အသက်ဝင်လာပြီ ဖြစ်ပါတယ်။
ဒါကြောင့် အင်ဒို-ပစိဖိတ်ဒေသမှာ အမေရိကန်ရဲ့ အားအကောင်းဆုံး လက်တွဲဖော်တွေထဲက တစ်နိုင်ငံဖြစ်တဲ့ အိန္ဒိယဟာ ကမ္ဘာမှာ အခွန် အများဆုံး ပေးရမယ့် နိုင်ငံတွေထဲ ပါဝင်လာခဲ့ပါတယ်။

အမေရိကန်ဟာ မကြာသေးခင်ကမှ အိန္ဒိယရဲ့ အကြီးမားဆုံး ကုန်သွယ်ဖက် အဖြစ် ရှိနေခဲ့တာကြောင့် ကမ္ဘာ့ ပဉ္စမအကြီးမားဆုံး စီးပွားရေးနိုင်ငံရဲ့ ဖွံ့ဖြိုးမှုနဲ့ ပို့ကုန်တွေအတွက် ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်လာနိုင်ပါတယ်။
အမေရိကန် အခွန် ကောက်ခံမှုကြောင့် စီးပွားရေး ထိခိုက်မှု သက်သာစေရေး အခွန်တွေ ဖြေလျှော့ပေးမယ်လို့ ဝန်ကြီးချုပ် နရန်ဒရာ မိုဒီက စောစောပိုင်းက ကတိပေးခဲ့ပါတယ်။
ပြည်တွင်းမှာ ကိုယ့်အားကိုယ်ကိုးကြဖို့လည်း မိုဒီက စည်းရုံး ပြောဆိုတာတွေ လုပ်ဆောင်နေပါတယ်။

အာရှရဲ့ တတိယမြောက် အကြီးဆုံး စီးပွားရေးကို အားဖြည့်ပေးနေတဲ့ သာမန်လူတွေနဲ့ သန်းနဲ့ချီတဲ့ အသေးစား လုပ်ငန်းတွေအတွက် ဒေဝါလီ လက်ဆောင်အဖြစ် အခွန် ဖြေလျှော့ပေးသွားမယ်လို့ သူက ပြောပါတယ်။
စီးပွားရေး တစ်ကိုယ်ကောင်းဆန်မှုဟာ တစ်ကမ္ဘာလုံးမှာ ပိုများလာတာကြောင့် မိမိတို့အနေနဲ့ မိမိတို့ရဲ့ ဂုဏ်သိက္ခာအတွက် ကိုယ့်ကိုယ်ကို အားကိုးသင့်တယ်လို့ မိုဒီက ပြောပါတယ်။
အိန္ဒိယက အမေရိကန်သို့ အဝတ်အထည်တွေ၊ စိန်တွေက စလို့ ပုစွန်တွေ အထိ အားလုံး တင်ပို့နေတာ ဖြစ်တာကြောင့် အမေရိကန်ရဲ့ အခွန် ၅၀ ရာခိုင်နှုန်း ကောက်ယူမှုက လူသန်းပေါင်းများစွာနဲ့ ပို့ကုန် နယ်ပယ်တွေကို ထိခိုက်စေမှာ ဖြစ်ပါတယ်။
မိုဒီကတော့ ပြည်တွင်းထုတ်တွေကို ပြည်တွင်းမှာပဲ သုံးစွဲကြဖို့ တိုက်တွန်း ပြောဆိုထားတာပါ။
မိုဒီရဲ့ ဘဏ္ဍာရေး နှိုးဆွမှုသို့မဟုတ် အခွန်လျှော့ချမှုကြောင့် စားသုံးမှု ပြန်လည် အားကောင်းလာနိုင်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။
Ref:BBC