သံတောင်ကြီး၊ ဩဂုတ် ၂၇
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်ရှိ စစ်ကော်မရှင်တပ်ရဲ့ တိုက်ခိုက်ရေးကျောင်း (ဘုရင့်နောင်)ကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ Brave Warrior For Myanmar – BWM က ထုတ်ပြန်ပါတယ်။
အဲဒီတိုက်ခိုက်ရေးကျောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက မနေ့ ဩဂုတ် ၂၆ ရက်နေ့ မနက် ၁၀ နာရီခွဲအချိန်ခန့်မှာ ရှော့တိုက်ဒုံး ၉ လုံးနဲ့ သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။
ဒီတိုက်ခိုက်ရေးကျောင်းဟာ မြန်မာနိုင်ငံတစ်ဝန်းရှိ စစ်ကော်မရှင်ရဲ့ အဓိက အားထားရတဲ့ တပ်စုမှူး၊ တပ်ခွဲမှူးနဲ့ တပ်ရင်းမှူး သင်တန်းတွေကို သင်ကြားပေးနေတဲ့ တိုက်ခိုက်ရေး သင်တန်းကျောင်း ဖြစ်တာကြောင့် အခုလို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၂၅ ရက်နေ့မှာ ပြန်လည်စတင်တဲ့ သင်တန်းမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၄၀၀ ကျော် တက်ရောက်နေတယ်လို့ ကြားသိရတာကြောင့် သင်တန်းချိန်မှာ တိုက်ခိုက်ခဲ့တယ်လို့ BWM က ဆိုထားပါတယ်။
အဲဒီပစ်ခတ်တိုက်ခိုက်မှုအတွင်း သင်တန်းကျောင်းရှိ စစ်ကော်မရှင်အဖွဲ့ဝင် အရာရှိတွေ ထိခိုက်မှုရှိတယ်လို့ သိရှိထားပြီး နောက်ဆက်တွဲ အပျက်အစီးတွေကို ထုတ်ပြန်သွားမယ်လို့ ဆိုထားပါတယ်။
အလားတူ အဲဒီနေ့ နေ့လယ်ပိုင်းမှာလည်း စစ်ကော်မရှင်ရဲ့ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် (တပခ) ကို BWM နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက ရှော့တိုက်ဒုံး ၅ လုံးနဲ့ သွားရောက် ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – BWM