ရန်ကုန် ၊ ဩဂုတ် ၂၇

အာဏာသိမ်းမှုအတွင်း လူငယ်တွေကို ဖိနှိပ်မှုပေါင်းစုံ လုပ်ဆောင်နေတဲ့ စစ်တပ်ရဲ့ အသွင်ပြောင်း စစ်ကော်မရှင်က အထွေထွေရွေးကောက်ပွဲမတိုင်ခင်မှာ လူငယ်ဖိုရမ်တစ်ရပ်ကို လာမယ့် ရက်ပိုင်းအတွင်း ကျင်းပဖို့ စီစဉ်နေပါတယ်။

ပြောင်းလဲနေတဲ့ ကမ္ဘာကြီးမှာ မျိုးဆက်သစ်လူငယ်တွေ တက်ကြွစွာပါဝင်နိုင်ရေး ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ် – ၂၀၂၅ ကို ရန်ကုန်မြို့မှာ ဩဂုတ် ၃၀ ရက်ကနေ စက်တင်ဘာ ၁ ရက်နေ့အထိ ပြုလုပ်သွားမှာပါ။

အဲဒီဖိုရမ်ကို စစ်ကော်မရှင်ရဲ့ ပြန်ကြားရေးဝန်ကြီးဌာန၊ အားကစားနဲ့ လူငယ်ရေးရာဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ (Myanmar Narrative Think Tank) တို့ ပူးပေါင်းစီစဉ်တာ ဖြစ်ပါတယ်။

ကျောင်းသားခေါင်းဆောင်ဟောင်း ကိုမင်းသွေးသစ်က စစ်အုပ်စုကနေ လူငယ်မဟာဗျူဟာချမှတ်ရေးအတွက်ဆိုပြီး လူငယ်ဖိုရမ်ကျင်းပတာဟာ သူတို့ရဲ့ အာဏာတည်မြဲအောင် အသုံးချတာလို့ သုံးသပ်ပါတယ်။

“အာဏာသိမ်းစစ်အုပ်စုကလုပ်တဲ့ ရွေးကောက်ပွဲ နောက်ပြီးတော့ လူငယ်ဖိုရမ် လူငယ်မဟာ ဗျူ ဟာချမှတ်ရေးတို့ဟာ တကယ်တမ်းကျတော့ ပြည့်တန်ဆာခေါင်းက လုပ်တဲ့ ပြည့်တန်ဆာတိုက်ဖျက်ရေးလိုပဲ။ သူတို့ကိုယ်တိုင် ဒီမိုကရေစီကို ချိုးဖောက်ပြီး မတရား အာဏာသိမ်းထားတာဖြစ်တဲ့အတွက် သူတို့လုပ်နေတာဟာ တိုင်းပြည်နဲ့ လူငယ်တွေ ပြည်သူတွေအပေါ် စေတနာအမှန်နဲ့ လုပ် ဆောင်နေတာ မဟုတ်ဘဲနဲ့ မျက်နှာရအောင် နာမည်ရအောင် နောက်ပြီး သူတို့အာဏာခိုင်မြဲအောင်လို့ အသုံးချရုံလောက်ပဲ လုပ်တာဖြစ်တယ်”လို့ ဆိုပါတယ်။

လူငယ်တွေအပေါ် တကယ် စေတနာထားရင် လူငယ်တွေရဲ့ ကိုယ်စီအိပ်မက်တွေကို အကောင် အထည်ဖော်လို့ရနိုင်အောင် မိသားစုနဲ့အတူ ကိုယ့်အမိမြေမှာ နေထိုင်လို့ရအောင် စစ်မှုထမ်းဥပဒေကို အရင်ဆုံး ဖျက်သိမ်းပစ်ဖို့ သူက အကြုံပြုပါတယ်။

စစ်ကော်မရှင်ကတော့ ဖိုရမ်ကို တက်ရောက်ကြမယ့် လူငယ်တွေရဲ့ အနာဂတ်မြန်မာနိုင်ငံအတွက် ရှုမျှော်မှုပုံစံ၊ ကမ္ဘာ့ကဖေး ဆွေးနွေးပွဲပုံစံ၊ လန်းဆန်းနှိုးထ ဉာဏ်စမ်းပုံစံ၊ အဖွဲ့အလိုက်ဆွေးနွေးပွဲပုံစံတွေနဲ့ ဆွေးနွေးကြမယ်လို့ နိုင်ငံပိုင်ဝါဒဖြန့် ရုပ်သံသတင်းတွေမှာ အသိပေးထားတာပါ။

အဲဒီလူငယ်ဖိုရမ်ကို နိုင်ငံတစ်ဝန်းရှိ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက လူငယ်တွေ ပါဝင်တက်ရောက် ကြမှာဖြစ်ပြီး ဖိုရမ်နောက်ဆုံးရက်မှာ လူငယ်တွေရဲ့ ဆွေးနွေးပွဲရလဒ်တွေကို ကြေညာချက်စာတမ်းတစ်ရပ် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

ကျောင်းသားလက်ရုံးတပ်တော် SAF ဒုဥက္ကဌ ၁ ကိုမင်းဟန်ထက်က လူငယ်ဆိုတာ ကိုယ်ယုံကြည်ရာကို အကြောက်တရားကင်းမဲ့စွာ လုပ်တဲ့သူတွေလို့ မြင်တဲ့အတွက် စစ်တပ်ပေးတဲ့ လမ်းကြောင်းမှာ လိုက်လုပ်ရသူတွေကိုတော့ လူငယ်လို့ မသတ်မှတ်ဘူးလို့ ပြောပါတယ်။

“ခေတ်တိုင်းမှာ လူငယ်ဆိုတာ ကိုယ်မှန်တယ်ထင်တာ ကိုယ်ယုံကြည်ရာကို ဘာကိုမှ မကြောက်ဘဲနဲ့ ရဲရဲရင့်ရင့် လုပ်နိုင်တဲ့သူ။ အဲဒီလိုမျိုး လုပ်တဲ့နေရာမှာ မှန်တာတွေလည်း ရှိမယ်။ မှားတာတွေလည်း ရှိမှာပေါ့ဗျ။သို့သော် ဘာကိုမှ မကြောက်ဘဲနဲ့ ကိုယ်ယုံကြည်ရာကို လုပ်တဲ့သူတွေပဲ။အခုကတော့ စစ်တပ်ရဲ့ ဖိနှိပ်မှုအောက်မှာ သူပေးထားတဲ့ အကြောက်တရားအောက်မှာ စစ်တပ်က လမ်း ကြောင်းပေးတဲ့ ကိစ္စကို လိုက်လုပ်ရတဲ့ ကိစ္စမျိုးကိုတော့ ကျွန်တော်က လူငယ်လို့ မသတ်မှတ်ဘူး။ပြီးတဲ့အခါမှာ အသက်အရွက်အရ လူငယ်ဖြစ်နေတယ်ဆိုတာ တကယ့်လူငယ်စိတ် ကင်းမဲ့နေတယ်လို့ပဲ ကျွန်တော်မြင်တယ်”လို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ် အစောပိုင်းကာလတွေအတွင်း စစ်တပ်ရဲ့ အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ မြန်မာနိုင်ငံတဝန်းရှိ ပြည်သူလူထုတွေထဲမှာ အလွှာပေါင်းစုံက လူငယ်တွေဟာ ရှေ့ဆုံးကနေ မားမားမတ်မတ် ဦးဆောင်ခဲ့ကြတာပါ။

ဒါကို စစ်တပ်က လက်နက်နဲ့ ပစ်ခတ်ဖြိုခွင်းတာတွေ ဖမ်းဆီးနှိပ်စက်တာတွေ သတ်ဖြတ်တာတွေ အကျဉ်းချတာတွေကြောင့် လူငယ်တွေဟာ အကျဉ်းထောင်တွေအတွင်း ဖမ်းဆီးချုပ်နှောင်ခံရတာလည်း အများအပြားရှိနေခဲ့ပါတယ်။

ဒီအတွက်ကြောင့် လူငယ်တွေ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ရတာဟာ စစ်တပ်ရဲ့ ဖိနှိပ်မှုတွေကနေ တွန်းပို့ခဲ့တာ ဖြစ်သလို လုံခြုံရေးအရ ပြည်တွင်းမှာ ဆက်လက်နေထိုင်လို့ မရတော့တာကြောင့် ပြည်ပနိုင်ငံတွေမှာ ရတဲ့နည်းနဲ့ ထွက်ပြေးတိမ်းရှောင်ခဲ့ရတာတွေလည်း ရှိနေတာပါ။

အဆိုးဝါးဆုံးအဖြစ် အရွယ်ရောက်ပြီးသူ နိုင်ငံသားတိုင်း မဖြစ်မနေ စစ်မှုထမ်းရမယ်ဆိုတဲ့ ဥပဒေကို စစ်ကော်မရှင်က အသက်သွင်းခဲ့တဲ့အတွက် ပြည်တွင်းမှာ ကျန်ရှိနေတဲ့ သောင်းချီလူငယ်တွေဟာ တပ်သားအဖြစ် အတင်းအဓမ္မ စုဆောင်းခံခဲ့ကြရပြန်ပါတယ်။

ရာမညဖက်ဒရယ်အင်အားစုသစ် NRFF ရဲ့ ပြောရေးဆိုခွင့်ရှိသူ နိုင်ပီတာက စစ်အုပ်စုဟာ လူငယ်တွေကို နည်းအမျိုးမျိုးနဲ့ စစ်မှုထမ်းခိုင်းသလို ပြောတာနား‌ထောင် ခိုင်းတာလုပ်ဆိုတဲ့ ပုံစံမျိုးနဲ့ စဉ်း စားလေ့ရှိတယ်လို့ ပြောပါတယ်။

“လူငယ်တွေရဲ့ ပါဝင်မှုနဲ့ပတ်သက်လို့ စစ်အုပ်စုရဲ့ လုပ်ပုံကိုင်ပုံတွေကို ကျွန်တော်တို့ ကြည့်မယ်ဆိုရင် စစ်အုပ်စုက လူငယ်တွေကို စစ်မှုထမ်းခိုင်းတာ စစ်သားစုဆောင်းတာ ပေါ်တာဆွဲတာ လုပ်အားတွေကို ခေါင်းပုံဖြတ်တဲ့ဟာ နောက်ပြီး သူတို့ရဲ့ ဝါဒဖြန့် ယန္တရားတွေမှာ အသုံးချတာပေါ့လေ။နောက်တစ်ခုက လူငယ်တွေကို သူတို့ရဲ့စဉ်းစားချက်က သူတို့ပြောတာ နားထောင် သူတို့ခိုင်းတာလုပ်ဆိုတဲ့ ပုံစံမျိုးနဲ့ပဲ စဉ်းစားလေ့ရှိတယ်”လို့ ပြောပါတယ်။

ဒီနှစ်ကုန်ပိုင်းအတွင်း စစ်ကော်မရှင်ကနေ ဦးဆောင်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲနီးကပ်လာချိန်မှာ လူငယ်ဖိုရမ်ကျင်းပတာဟာ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် လုပ်ငန်းစဉ်နဲ့ ဝါဒဖြန့်ချီရေးယန္တရားတစ်ခုလို့ သူက ထောက်ပြပါတယ်။

စစ်ကော်မရှင်ကတော့ လူငယ်တွေ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အနာဂတ်လမ်းကြောင်းတွေကို ရှုမြင်အဆိုပြုနိုင်စွမ်းမြှင့်တင်ဖို့နဲ့ အနာဂတ်မှာ အမျိုးသားအဆင့်နဲ့ ဒေသဆိုင်ရာအဆင့် လုပ်ငန်းအစီအစဉ်တွေအတွက် တက်ကြွတဲ့ ဖိုရမ်ဆင်း လူငယ်ကွန်ရက်ကို ဖန်တီးပေးဖို့ ရည်ရွယ်ထားတာပါ။

ဒါ့အပြင် လူငယ်တွေကို နိုင်ငံတကာရေးရာ၊ ပထဝီနိုင်ငံရေးနဲ့ အမျိုးသားမဟာဗျူဟာနဲ့ ပတ်သက်တဲ့ အခြေခံဗဟုသုတတွေ ရရှိစေရေး၊ လူငယ်တွေအကြား ခေါင်းဆောင်မှု၊ စူးစမ်းစဉ်းစားနိုင်မှုနဲ့ ဆက်သွယ်ရေးကျွမ်းကျင်မှုအရည်အချင်းတွေ မြှင့်တင်ဖို့ဆိုပြီး အကြောင်းပြပါတယ်။

လူငယ်တွေကို ရန်သူလို ဆက်ဆံတတ်တဲ့ စစ်တပ်အနေနဲ့ သူတို့အာဏာတည်မြဲရေးနဲ့ ယန္တရားခိုင်မာရေးအတွက် ဖိုရမ်ကျင်းပပေးပြီး ပြန်လည်အသုံးချဖို့ ကြိုးပမ်းတဲ့လုပ်ရပ်ထက် မပိုဘူးလို့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်နေသူတွေက ပြောဆိုထားကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.