ဝါရှင်တန်၊ဆိုးလ်၊ သြဂုတ် ၂၆
တောင်ကိုရီးယားသမ္မတ အသစ် လီဂျေးမြောင်ကို အိမ်ဖြူတော်က လက်ခံတွေ့ဆုံချိန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်နဲ့ တွေ့ချင်ကြောင်း သြဂုတ် ၂၅ ရက်မှာ ပြောကြားလိုက်ပါတယ်။
အခုနှစ်အတွင်း ကင်ဂျုံအန်နဲ့ တွေ့ချင်တယ်လို့ ထရန့်က သတင်းထောက်တွေကို ပြောကြားပြီး သင့်တော်တဲ့အချိန်မှာ သူနဲ့ တွေ့ဆုံဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။

တောင်ကိုရီးယားနဲ့ အမေရိကန်ကြား တင်းမာမှုတွေ မြင့်တက်နေချိန်မှာ နှစ်နိုင်ငံ သမ္မတတွေ ပထမဆုံး တွေ့ဆုံတာ ဖြစ်ပါတယ်။
ဇူလိုင်လမှာ ကုန်သွယ်ရေး သဘောတူညီမှုရရှိခဲ့ပေမယ့် တောင်ကိုရီးယားနဲ့ အမေရိကန်ကြား နျူကလီးယား စွမ်းအင်၊ စစ်ရေး အသုံးစရိတ်နဲ့ ကုန်သွယ်ရေး သဘောတူညီမှုဆိုင်ရာ အသေးစိတ် သတ်မှတ်ချက်တွေကို ဆက်ပြီး အချေအတင် ဆွေးနွေးရဦးမှာ ဖြစ်ပါတယ်။
တောင်ကိုရီးယားက ကုန်သွယ်ရေး သဘောတူညီမှု တစ်စိတ်တစ်ပိုင်းအနေနဲ့ အမေရိကန်မှာ ဒေါ်လာ ၃၅၀ ဘီလီယံ ရင်းနှီးမြှုပ်နှံဖို့ သဘောတူထားပါတယ်။

ကင်ဂျုံအန်က မြောက်ကိုရီးယား နျူကလီးယားစီမံကိန်းကို အရှိန်မြှင့်တင်ဖို့ ညွှန်ကြားထားပြီး တောင်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ ပူးတွဲစစ်ရေး လေ့ကျင့်မှုတွေကို ပြစ်တင် ရှုတ်ချထားပါတယ်။
ထရန့်အနေနဲ့ ကမ္ဘာပေါ်မှာ နှစ်ပိုင်းပိုင်းနေတဲ့ တစ်ခုတည်းသော နိုင်ငံကို ငြိမ်းချမ်းရေး ဆောင်ကျဉ်းပေးနိုင်မယ်လို့ မျှော်လင့်ကြောင်း သမ္မတ လီက ပြောပါတယ်။
တောင်ကိုရီးယား စီးပွားရေးဟာ အမေရိကန်အပေါ် အများကြီး မှီခိုနေရပြီး အမေရိကန်က သူတို့ရဲ့ စစ်သားတွေ ချထားပေးရမှုအတွက် ကုန်ကျစရိတ်ကို တောင်ကိုရီးယားက ကျခံပေးဖို့ တောင်းဆိုထားပါတယ်။
တောင်ကိုရီးယားဟာ အမေရိကန်ရဲ့ စစ်ရေး အကာအကွယ်ပေးမှုကို အသုံးချပြီး ငွေအများကြီး ရရှိနေတဲ့နိုင်ငံ ဖြစ်တယ်လို့ ထရန့်က ပြောဆိုထားတာပါ။
ပထမ သမ္မတသက်တမ်းအတွင်း ထရန့်ဟာ ကင်ဂျုံအန်နဲ့ တွေ့ဆုံခဲ့ပေမယ့် သဘောတူညီချက် တစ်စုံတစ်ရာ မရခဲ့ပါဘူး။
တောင်ကိုရီးယားက သမ္မတ လီလက်ထက်မှာ မြောက်ကိုရီးယားနဲ့ တင်းမာမှု လျော့ကျစေရေး၊ ပြေလည်စေရေး နယ်စပ်က ဝါဒဖြန့် အသံချဲ့စက်တွေကို ပြန်ဖြုတ်ထားပေမယ့် မြောက်ကိုရီးယားက တောင်ကိုရီးယားရဲ့ လုပ်ရပ်တွေကို ဝေဖန်ထားပါတယ်။
Ref:Reuters