လန်ဒန်၊ သြဂုတ် ၂၆
ဂါဇာ ကျောင်းသား ၄၀ လောက်ကို ရန်ပုံငွေ ထောက်ပံ့ထားတဲ့ တက္ကသိုလ် ပညာသင်ဆုနဲ့ လာမယ့် သီတင်းပတ်တွေအတွင်း နိုင်ငံတွင်းမှာ လာရောက် ပညာသင်ယူခွင့်ပြုရေး ဗြိတိန်အစိုးရက ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။
မဟာဘွဲ့အတွက် တစ်နှစ်ကြာ ပညာသင်ယူရေး နိုင်ငံတကာ ကျောင်းသားတွေအတွက် အစိုးရရန်ပုံငွေ ထောက်ပံ့ထားတဲ့ အစီအစဉ်နဲ့ ပညာသင်ဆုရယူရေး ကျောင်းသား ၉ ယောက် ဂါဇာက ထွက်ခွာဖို့ ကူညီပေးမယ်လို့ ဗြိတိန်အစိုးရက ပြောထားပြီး ဖြစ်ပါတယ်။

တခြား ပုဂ္ဂလိက အစီအစဉ်တွေကတဆင့် ရန်ပုံငွေ ရာနှုန်းပြည့် ထောက်ပံ့ပေးမှုနဲ့ တခြား ဂါဇာ ကျောင်းသား ၃၀ ကို ပညာသင်ယူခွင့်ပြုရေး ဗြိတိန် ပြည်ထဲရေးဝန်ကြီးဌာနက ခွင့်ပြုထားပြီး ဖြစ်ပါတယ်။
၂၀၂၃ ခုနှစ်မှာ အစ္စရေး-ဟားမာ့စ် စစ်ပွဲ စတင်ပြီးနောက်ပိုင်း အဲဒီကျောင်းသားတွေဟာ ဗြိတိန်မှာ ပညာသင်ယူဖို့ ဂါဇာက ပထမဆုံး ထွက်ခွာခွင့်ရသူတွေ ဖြစ်လာမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ ကျောင်းသား တစ်ချင်းစီအတွက် ဂါဇာက ထွက်ခွာခွင့်ကို အစ္စရေးက သဘောတူရဦးမှာ ဖြစ်ပါတယ်။
ဂါဇာစစ်ပွဲနဲ့ ပတ်သက်လို့ အစ္စရေးအနေနဲ့ သတ်မှတ်ချက်တချို့နဲ့ မကိုက်ညီဘူးဆိုရင် စက်တင်ဘာလအတွင်း ပါလက်စတိုင်းကို နိုင်ငံ တစ်နိုင်ငံ အဖြစ် အသိအမှတ်ပြုသွားမှာ ဖြစ်ကြောင်း ဗြိတိန်က ကြေညာခဲ့ပြီးနောက်ပိုင်း အစ္စရေးနဲ့ ဆက်ဆံရေး တင်းမာနေပါတယ်။
စစ်ပွဲဇုန်ထဲကနေ ကျောင်းသားတွေကို ဘေးကင်းရာ ပြောင်းရွှေ့ဖို့က ပို့ဆောင်ရေးဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
အဲဒီကျောင်းသားတွေကို ဗြိတိန်နိုင်ငံသို့ မပို့ခင် တတိယနိုင်ငံ တစ်နိုင်ငံဆီ ပို့ဆောင်ပြီး ကိုယ်ခန္ဓာဆိုင်ရာ စစ်ဆေးမှုတွေ ပြုလုပ်ဦးမယ်လို့ သိရပါတယ်။
အခုလို ဂါဇာ ကျောင်းသားတွေကို ခေါ်ပြီး ပညာသင်ခွင့်ပေးမယ့် အစီအစဉ်က ရှုပ်ထွေးပြီး စိန်ခေါ်မှု ရှိပေမယ့် အဲဒီ ကျောင်းသားတွေ ဗြိတိန်မှာ ပညာသင်ယူခွင့်ရရှိရေး အသေအချာ ဆောင်ရွက်မှာ ဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးက ရှင်းရှင်းလင်းလင်း ပြောဆိုထားပြီး ဖြစ်ပါတယ်။
ဂါဇာ ကျောင်းသား ၄၀ လောက်ကို ပညာသင်ဆုနဲ့ ဗြိတိန်သို့ လာရောက် ပညာသင်ယူခွင့်ပြုမယ့်အပြင် တခြား ကျောင်းသားတွေကိုလည်း ရန်ပုံငွေ ထောက်ပံ့မှု မရှိတဲ့ အစီအစဉ်တွေနဲ့ လာရောက် ပညာသင်ယူခွင့် ပေးသွားမယ်လို့ သိရပါတယ်။
Ref:BBC