တီဟီရန်၊ သြဂုတ် ၁၃
ဇွန်လက အစ္စရေးနဲ့ ဖြစ်ပွားခဲ့တဲ့ ၁၂ ရက်ကြာ စစ်ပွဲအတွင်း ရဲတပ်ဖွဲ့က သံသယရှိသူ ၂၁၀၀၀ လောက်အထိ ဖမ်းဆီးခဲ့တယ်လို့ ဥပဒေစည်းကြပ်ရေးအရာရှိ တစ်ဦးကို ကိုးကားပြီး အီရန်နိုင်ငံပိုင် သတင်းဌာနက ဖော်ပြပါတယ်။
ဇွန် ၁၃ ရက်က အစ္စရေး စတင်တိုက်ခိုက်လာချိန်မှာ အီရန်ရဲ့ လမ်းမတွေပေါ်မှာ စစ်ဆေးရေးဂိတ်တွေ ချထားပြီး သံသယဖြစ်စရာ လှုပ်ရှားနေတယ်လို့ ထင်ရသူတွေနဲ့ ပတ်သက်လို့ သတင်းပို့ဖို့ နိုင်ငံသားတွေကို ညွှန်ကြားခဲ့သလို အီရန် လုံခြုံရေးတပ်တွေက ကျယ်ကျယ်ပြန့်ပြန့် ဖမ်းဆီးမှုတွေ စတင်ခဲ့ပါတယ်။

ဘာအတွက် သံသယရှိလို့ ဖမ်းဆီးတာလဲဆိုတာကို မပြောပေမယ့် ရဲတပ်ဖွဲ့ ပြောခွင့်ရ ဆာအိ မွန်တာဇာရိုမွန်ဒီက ၁၂ ရက်ကြာ စစ်ပွဲအတွင်း သံသယရှိသူ ၂၁၀၀၀ အထိ ဖမ်းဆီးခဲ့တယ်လို့ သြဂုတ် ၁၂ ရက်က ပြောကြားထားပါတယ်။
ဖမ်းဆီးခံရသူတွေဟာ အစ္စရေး တိုက်ခိုက်ဖို့ အထောက်အကူ ဖြစ်စေနိုင်တဲ့ သတင်းတွေကို ဝေမျှခဲ့သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
အစ္စရေး-အီရန် စစ်ပွဲကြောင့် အီရန်မှာ တရားမဝင် နေထိုင်နေတဲ့ အာဖဂန်နစ္စတန် နိုင်ငံသား အများအပြားလည်း နှင်ထုတ်ခံခဲ့ရပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံသား တချို့ဟာ အစ္စရေးအတွက် လျှို့ဝှှက် ထောက်လှမ်းပေးနေသူတွေ ဖြစ်တယ်လို့ ဒေသဆိုင်ရာ အရာရှိတွေက စွပ်စွဲခဲ့ကြကြောင်း အကူအညီပေးရေး အဖွဲ့တွေက ပြောပါတယ်။
တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ၂၇၇၄ ဦးကို ဥပဒေထိန်းသိမ်းရေး အရာရှိတွေက ဖမ်းဆီးခဲ့ပြီး သူတို့ရဲ့ လက်ကိုင်ဖုန်းတွေကို စစ်ဆေးရာမှာ အထူးလုံခြုံရေးအမှု ၃၀ တွေ့ရှိခဲ့တယ်လို့ အဲဒီ ပြောခွင့်ရသူက ဖြည့်စွက် ပြောပါတယ်။
ဖမ်းဆီးပြီးနောက်ပိုင်း သူတို့ထဲက ဘယ်နှစ်ယောက်ကို ပြန်လွှတ်ပေးခဲ့သလဲဆိုတာကိုတော့ ပြောခွင့်ရမွန်တာဇာရိုမွန်ဒီက မပြောပါဘူး။
စစ်ပွဲအတွင်း ခွင့်ပြုချက် မရှိဘဲ ငွေထုတ်ယူမှုနဲ့ အွန်လိုင်း လိမ်လည်မှု အပါအဝင် ဆိုက်ဘာ ရာဇဝတ်မှု ၅၇၀၀ ကျော်ကိုလည်း ရဲတပ်ဖွဲ့က ကိုင်တွယ် ဖြေရှင်းခဲ့ရတယ်လို့ သူက ပြောပါတယ်။
အီရန်က နိုင်ငံတွင်းရှိ သတင်းပေးတွေကြောင့် အစ္စရေးက တိကျတဲ့ တိုက်ခိုက်မှုတွေ လုပ်ဆောင်နိုင်ခဲ့ပြီး နျူကလီးယားပညာရှင်တွေ အပါအဝင် ထိပ်တန်းအရာရှိတွေ သေဆုံးခဲ့ရတာ ဖြစ်တယ်လို့ သံသယရှိနေတာ ဖြစ်ပါတယ်။
Ref:Reuters

