မန္တလေး၊ ဇူလိုင် ၂၇
မန္တလေးတိုင်း အိုးဘိုအကျဉ်းထောင်မှာ ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်း သား သံဃာတော်တစ်ပါး ပျံလွန်တော်မူခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ထံကနေ သိရပါတယ်။
ပျံလွန်တော်မူသွားတဲ့ သံဃာတော်ဟာ သက်တော် ၃၆ နှစ်၊ ဝါတော် ၁၆ ဝါရှိ မန္တလေးမြို့ ရတနာပုဂံစာသင်တိုက်က နိုင်ငံရေးအကျဉ်းသား သံဃာတော် ဦးပသံသိယ ဖြစ်ပါတယ်။
ဦးပသံသိယဟာ ကင်ဆာရောဂါကြောင့် မန္တလေးပြည်သူ့ဆေးရုံမှာ တက်ရောက်ကုသနေစဉ် ဇူလိုင် ၂၅ ရက်နေ့မှာ ပျံလွန်တော်မူခဲ့တာပါ။
ဦးပသံသိယကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်နေ့ ညအချိန်မှာ သီတင်းသုံးရာ ရတနာပုဂံစာသင်တိုက်မှာ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ဖမ်းဆီးသွားခဲ့ပါတယ်။
အဲဒီနောက် ၂၀၂၃ ခုနှစ် ဇူလိုင် ၁၇ ရက်နေ့မှာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (ည)နဲ့ ထောင်ဒဏ် ၁၅ နှစ်ချခံရပြီး အိုးဘိုထောင်ထဲမှာ အကျဉ်းကျခံနေရတာလို့ သိရပါတယ်။
PPNM ရဲ့ မှတ်တမ်းတွေအရ အခုနှစ် ဇန်နဝါရီ ၁ ရက်နေ့ကနေ ဇူလိုင် ၂၅ ရက်နေ့အထိ ခုနှစ်လနီးပါးကာလအတွင်း နိုင်ငံတဝန်းရှိ အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသား ၁၇ ဦးအထိ သေဆုံးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media