နေပြည်တော် ၊ ဇူလိုင် ၂၇
မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုအတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးတိုက်ပွဲတွေအတွင်း ကြားဝင်ညှိနှိုင်းပေးနေတဲ့ တရုတ်နိုင်ငံက စစ်ကောင်စီတပ်ကို လက်နက်ခဲယမ်းတွေ ထောက်ပံ့နေတယ်လို့ သက် သေအထောက်အထားတွေ ပေါ်ထွက်လာပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မန္တလေးတိုင်း မတ္တရာမြို့နယ်နဲ့ ပုသိမ်ကြီးမြို့နယ်က ကျေးရွာသုံးရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော် – မန္တလေး PDF က တိုက်ခိုက်ခဲ့ပြီး သိမ်းဆည်းမိတဲ့ လက်နက်တွေထဲမှာ NORINCO ကုမ္ပဏီစာတန်းပါ သေတ္တာတွေ ပါဝင်နေပါတယ်။
မန္တလေး PDF ရဲ့ ဇူလိုင် ၂၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ မှတ်တမ်းဓာတ်ပုံတွေအရ သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ပစ္စည်းတွေထဲမှာ NORINCO ကုမ္ပဏီစာတန်းပါ လက်နက်ကျည်တွေ ထည့်ထားတဲ့ သေတ္တာ ၁၄ လုံးကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ဒီအပေါ် စစ်ကောင်စီတပ်ကို လက်နက်ရောင်းချထောက်ပံ့ရာမှာ တရုတ်နိုင်ငံပိုင် စစ်လက်နက်ကုမ္ပဏီ China North Industries Co. Ltd (NORINCO) ရဲ့ ဆက်လက်ကြံရာပါနေမှုလို့ Justice For Myanmar (JFM) က ဇူလိုင် ၂၅ ရက်နေ့မှာ အတည်ပြုထုတ်ပြန်ထားတာပါ။
သိမ်းဆည်းရမိတဲ့ လက်နက်တွေမှာ NORINCO ထုတ် GBP128 မိုင်းရှင်းလင်းရေး လမ်းကြောင်းဖော်စက်တွေလည်း ပါဝင်ပြီး အဲဒီစက်ဟာ တိုက်ပွဲအတွင်း မိုင်းကွင်းကို ဖြတ်ကြောင်းတစ်ခု ဖန်တီးရာမှာ အသုံးပြုတာ ဖြစ်ပါတယ်။
အဲဒီစက်တွေကို စစ်ကောင်စီတပ်ရဲ့ စစ်လက်နက်ထုတ်လုပ်ရေးကို တာဝန်ယူရတဲ့ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ရုံးနဲ့ ၂၀၁၇ ခုနှစ် စာချုပ်အရ ရောင်းချပေးအပ်ခဲ့ပုံရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
NORINCO ကုမ္ပဏီဟာ စစ်ကောင်စီတပ်ရဲ့ ပြည်တွင်းစစ်လက်နက်ထုတ်လုပ်ရေးအတွက် စစ်လက်နက်တွေနဲ့ နည်းပညာတွေကို အဓိကပံ့ပိုးပေးနေပြီး ၂၀၁၇ ခုနှစ်မှာ နှစ်ဘက်ကြား ကာကွယ် ရေးပစ္စည်းဆိုင်ရာ ရောင်းဝယ်မှုနဲ့ ဆက်စပ်နည်းပညာတွေမှာ ပူးပေါင်းမှုတွေ တိုးမြှင့်ဖို့ သဘောတူခဲ့ကြတာလို့ JFM က ဆိုပါတယ်။
စစ်ကောင်စီအနေနဲ့ စွန့်လွှတ်နယ်မြေတွေကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ မြေပြင်၊ဝေဟင်၊ရေပြင် ပေါင်းစပ်အားနဲ့ လက်ရှိ တိုက်စစ်ဆင်မှုတွေမှာ နောက်ကွယ်က တရုတ်နိုင်ငံရဲ့ လက်နက်ပစ္စည်း ပံ့ပိုးကူညီမှုတွေ ရှိနေတယ်လို့ စစ်ရေးအကဲခတ်တွေက သုံးသပ်ထားကြတာပါ။
မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်တဲ့မူ ကျင့်သုံးနေတယ်လို့ တရုတ်အစိုးရက ပြောဆိုလေ့ရှိပေမယ့် စစ်ကောင်စီနဲ့ မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား ညှိနှိုင်းပေးမှုမှာတော့ စစ်တပ်ဘက်ကို ယိမ်းနေခဲ့ပါတယ်။
သိသာတဲ့ ထူးခြားချက်ကတော့ ၁၀၂၇ စစ်ဆင်ရေးအတွင်း ကိုးကန့်တပ် MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက်ရှိ လားရှိုးမြို့ကို စစ်ကောင်စီက သေနတ်တစ်ချက်မှ မဖောက်ရဘဲ တရုတ်အစိုးရဖိအားပေးမှုကြောင့် MNDAA ထံကနေ ပြန်လည်ရရှိထားတာပါ။
ကိုးကန့်တပ် MNDAA ဘက်ကလည်း ရှစ်လကျော်ကြာ သိမ်းပိုက်ရရှိခဲ့တဲ့ လားရှိုးမြို့ကနေ ပြန် လည်ဆုတ်ခွာခဲ့ရတာဟာ နိုင်ငံရေးဖိအားတွေကြောင့်လို့ ထုတ်ပြောခဲ့ပါတယ်။
ဒါ့အပြင် တရုတ်အစိုးရဦးဆောင်တဲ့ ဆွေးနွေးမှုတွေမှာ တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့အပါအဝင် မြို့ငါးမြို့ကို တပ်ဖွဲ့အားလုံး ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ပြန် လည်ဆုတ်ခွာဖို့ စစ်ကောင်စီက တောင်းဆိုခဲ့ပါတယ်။
ဒါပေမယ့် အဲဒီတောင်းဆိုချက်ကို TNLA က လိုက်လျောခြင်းမရှိခဲ့တဲ့အတွက် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်က နောင်ချိုမြို့ကို စစ်ကောင်စီက တန်ပြန်တိုက်စစ်ဆင်ခဲ့ရာကနေ ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာပါ။
လက်ရှိမှာတော့ တရုတ်အစိုးရဟာ ဒီနှစ်ကုန်ပိုင်းမှာ မြန်မာနိုင်ငံအတွင်း စစ်ကောင်စီ ကျင်းပမယ့် အပိုင်းလိုက် အထွေထွေရွေးကောက်ပွဲကို ထောက်ခံအားပေးထားပြီး မြန်မာ့အရေးမှာ နောက်ကွယ်ကနေ ကြားဝင်ညှိနှိုင်းမှုတွေ ဆက်လက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
တစ်ဘက်မှာ တရုတ်နိုင်ငံပိုင် NORINCO ကုမ္ပဏီဟာ ၂၀၂၀ ကနေ ၂၀၂၂ ခုနှစ်အထိ သုံးနှစ်တာအတွင်း များစွာသောကုန်တင်ပို့မှုတွေကတဆင့် စစ်လက်နက်ထုတ်လုပ်ရေးအတွက် စက်ပစ္စည်းအစိတ်အပိုင်းတွေကို စစ်ကောင်စီရဲ့ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ရုံးထံ ရောင်းချခဲ့တယ်လို့ JFM က ဆိုပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ရဲ့ ၂၀၂၃ ခုနှစ် မေလ အစီရင်ခံစာအရ NORINCO ရဲ့ ကုမ္ပဏီခွဲ China Wanbao Engineering Corporation ဟာ ၂၀၂၁ ခုနှစ် ဖေဖော် ဝါရီကနေ ၂၀၂၂ ခုနှစ် ဒီဇင်ဘာအတွင်း အမေရိကန်ဒေါ်လာ ၅-၁၀ မီလီယံတန်ဖိုးရှိ ထုတ်ကုန်တွေကို စစ်ကောင်စီထံ တိုက်ရိုက်ရောင်းချခဲ့တာပါ။
JFM ရဲ့ အချက်အလက်တွေအရ NORINCO ကုမ္ပဏီဟာ စစ်ကောင်စီအတွက် စစ်လက်နက်ထုတ်လုပ်ရေးဆိုင်ရာစာချုပ်တွေ ချုပ်ဆိုနိုင်အောင် အကျိုးဆောင်အဖြစ် လုပ်ဆောင်ပေးတဲ့အပြင် စစ်တပ်အရာရှိတွေအတွက် တရုတ်နိုင်ငံတွင်း လေ့ကျင့်သင်ကြားမှုတွေကိုပါ စီစဉ်ပေးလေ့ရှိပါတယ်။
အဲဒီ ကုမ္ပဏီကို တရုတ်နိုင်ငံတော်ကောင်စီက အလုံးစုံပိုင်ဆိုင်ပြီး တရုတ်ပို့ကုန်ထိန်းချုပ်ရေးစည်းမျဉ်းတွေအရ မြန်မာနိုင်ငံသို့ NORINCO ကုမ္ပဏီပို့ကုန်တွေဟာ တရုတ်အာဏာပိုင်တွေရဲ့ ပို့ကုန်ထိန်းချုပ်ရေးခွင့်ပြုချက်ကို ရယူရလိမ့်မယ်လို့ ထောက်ပြထားတာပါ။
ဒါကြောင့် တရုတ်အစိုးရအနေနဲ့ စစ်ကောင်စီထံ စစ်လက်နက်တွေ၊ စက်ပစ္စည်းအစိတ်အပိုင်းတွေ၊ လေ့ကျင့်သင်ကြားမှုတွေနဲ့ စောင့်ကြည့်ထောက်လှမ်းရေးနည်းပညာတွေ လွှဲပြောင်းပေးအပ်မှုတွေ ချက်ချင်းရပ်ဆိုင်းဖို့ NORINCO ကုမ္ပဏီကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်သင့်တယ်လို့ JFM က တောင်းဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MDY PDF

