ပုလော၊ ဇူလိုင်၂၆
တနင်္သာရီတိုင်း ပုလောမြို့နယ် တိုက်ပွဲအတွင်း ပိတ်မိနေတဲ့ ခရီးသွားတွေဟာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးအပါအဝင် ဒရုန်းနဲ့ဗုံးချတိုက်ခိုက်မှုကြောင့် ၁၀ ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း (၁) ထံကနေ သိရပါတယ်။
မနေ့ ဇူလိုင် ၂၅ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်မှာ ပုလောတိုက်ပွဲကြောင့် ပိတ်မိနေတဲ့ ခရီးသွားပြည်သူတွေဟာ ဇရက်ဆိပ်ကျေးရွာက ဦးမြင့်သန်း နေအိမ်မှာ ညအိပ်တည်းခိုနေစဉ် စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရတာပါ။
တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပြောပြချက်အရ စစ်ကောင်စီတပ်ဟာ အရင်ဆုံး ဦးမြင့်သန်း နေအိမ်ကို ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ပြီးနောက် ထိခိုက်ဒဏ်ရာရတဲ့ ခရီးသွားတွေကို ကယ်ထုတ်ဖို့ ကြိုးစားနေချိန်မှာ လက်နက်ကြီးနဲ့ ထပ်မံ ပစ်ခတ်ခံခဲ့ရပါတယ်။
စစ်ကောင်စီတပ်ရဲ့ ဒရုန်းအပါအဝင် လက်နက်ကြီးကြောင့် အိမ်ရှင် ဦးမြင့်သန်းအပါအဝင် ခရီးသွားပြည်သူ အမျိုးသား ၈ ဦးနဲ့အမျိုးသမီး ၂ ဦးသေဆုံးပြီး အမျိုးသား ၄ ဦး၊ အမျိုးသမီး ၁ ဦး ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။
ထိခိုက်သေဆုံးခဲ့တဲ့ အရပ်သား ပြည်သူတွေဟာ ပုလောမြို့နယ် ပြည်ထောင်စုလမ်းမကြီးပေါ်မှာ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ခရီးမဆက်နိုင်ဘဲ နီးစပ်ရာ ကျေးရွာတွေမှာ ဝင်ရောက်တည်းခိုနေတဲ့ အပြစ်မဲ့ ပြည်သူတွေဖြစ်တယ်လို့ ဆိုပါတယ်။
ဒီကနေ့ ဇူလိုင် ၂၆ ရက်နေ့ မနက်ပိုင်းအထိ ပုလောမြို့နယ် ပလမြို့အနီးတဝိုက်မှာ နှစ်ဖက်တိုက်ပွဲဆက်လက် ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်နေ့ကလည်း စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတာ၊ လက်နက် ကြီး ပစ်ခတ်မှုတွေကြောင့် ပလမြို့ မီးသတ်ရုံးနဲ့ထွေအုပ်ရုံးကြားနေ ပြည်သူ ၄ ဦး သေဆုံးပြီး ၆ ဦးထက်မနည်း ဒဏ်ရာရရှိထားပါတယ်။
နှစ်ဖက်တိုက်ပွဲနဲ့အတူ စစ်ကောင်စီရဲ့ လေကြောင်း၊ ရေကြောင်းကနေ ဗုံးကြဲပစ်ခတ်မှုတွေကြောင့် ပလမြို့၊ ပိတပ်၊ တပို၊ လက္ကူး၊ ဗိုင်းပြင်၊ ဇရက်ဆိပ်အပါအဝင် ကျေးရွာပေါင်း ၁၀ ရွာက ဒေသခံ ၅၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – မြိတ်ခရိုင်တပ်ရင်း(၁)