ဂါဇာ၊ ဇူလိုင် ၂၆

ဂါဇာ ကမ်းမြောင်ဒေသရှိ လူဦးရေ သုံးပုံ တစ်ပုံနီးပါး အစာမစားရတာ ရက်အတော်ကြာပြီ ဖြစ်ကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာ အစီအစဉ် WFP အဖွဲ့က သတိပေးပြောကြားလိုက်ပါတယ်။

အမျိုးသမီးတွေနဲ့ ကလေး ၉၀၀၀၀ ကျော် အရေးပေါ် ဆေးဝါးကုသမှု လိုအပ်နေပြီး အာဟာရပြတ်လပ်မှု ပိုများလာတယ်လို့ WFP ရဲ့ ကြေညာချက် တစ်ရပ်မှာ ဖော်ပြထားပါတယ်။

ဂါဇာမှာ အစာရေစာ ငတ်မွတ်မှုနဲ့ ပတ်သက်တဲ့ သတိပေးမှုတွေ အခု သီတင်းပတ်အတွင်း ပိုများလာခဲ့ပါတယ်။

ဇူလိုင် ၂၅ ရက်က ဂါဇာမှာ အာဟာရပြတ်လပ်မှုကြောင့် လူ ၉ ဦး ထပ်မံ သေဆုံးကြောင်းနဲ့ စစ်ပွဲစတင်ပြီး နောက်ပိုင်း အာဟာရပြတ်လပ်မှုကြောင့် သေဆုံးသူ စုစုပေါင်း ၁၂၂ ဦး ရှိလာပြီလို့ ဂါဇာရှိ ဟားမာ့စ်အဖွဲ့ရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

ဂါဇာသို့ ထောက်ပံ့မှုအားလုံးကို ထိန်းချုပ်ထားတဲ့ အစ္စရေးက ဂါဇာသို့ အကူအညီ ပေးပို့မှုအပေါ် တားမြစ်ထားတာ မရှိဘူးလို့ ပြောကြားပြီး အာဟာရပြတ်လပ်မှုတွေအတွက် ဟားမာ့စ်အဖွဲ့ကို အပြစ်တင်ထားပါတယ်။

ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုပေးဖို့ ဗြိတိန် လွှတ်တော် အမတ် သုံးပုံ တစ်ပုံကျော်က လက်မှတ်ရေးထိုး တိုက်တွန်းခဲ့ပြီးနောက် ဂါဇာသို့ လေကြောင်းက အကူအညီတွေ ချပေးရာမှာ ဗြိတိန် ပါဝင်သွားမှာဖြစ်ကြောင်း ဝန်ကြီးချုပ် ကီယာ စတာမာက ဇူလိုင် ၂၅ ရက်က ပြောထားပါတယ်။

လာမယ့် ရက်ပိုင်းအတွင်း ဂါဇာသို့ လေကြောင်းက အကူအညီ ပေးပို့ခွင့် ပေးသွားမှာ ဖြစ်ကြောင်း အစ္စရေး လုံခြုံရေးအရာရှိတွေက ပြောကြားပြီးနောက် ဝန်ကြီးချုပ် ကီယာ စတာမာရဲ့ အခုလို ပြောဆိုမှု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အကူအညီပေးရေး အေဂျင်စီတွေကတော့ ဂါဇာသို့ လေကြောင်းက အကူအညီ ပစ်ချပေးတာဟာ လုံလောက်မှု မရှိဘူးလို့ အရင်က ပြောဆိုခဲ့ဖူးပါတယ်။

ယူအေအီးနဲ့ ဂျော်ဒန်ကလည်း ဂါဇာသို့ လေကြောင်းက အကူအညီပစ္စည်းတွေ ချပေးသွားမှာ ဖြစ်ကြောင်း ပြောဆိုထားပေမယ့် အစ္စရေးစစ်တပ်ရဲ့ ခွင့်ပြုချက်ကို စောင့်နေတယ်လို့ ဆိုပါတယ်။

ဂါဇာသို့ အကူအညီ ပေးပို့မှု အပေါ် တားမြစ်ထားတာတွေ ချက်ချင်း ရုတ်သိမ်းဖို့ ဂျာမနီ၊ ပြင်သစ်နဲ့ ဗြိတိန်တို့က ဇူလိုင် ၂၅ ရက်မှာ အစ္စရေးကို တိုက်တွန်းထားတာ ဖြစ်ပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.