ဝါရှင်တန်၊ မေ ၃
ကာကွယ်ရေးနဲ့ နယ်စပ် လုံခြုံရေးအတွက် ငွေပိုသုံးပြီး လာမယ့်နှစ်မှာ ပညာရေး၊ အိမ်ခြံမြေနဲ့ ဆေးဝါးသုတေသနတို့အတွက် အသုံးစရိတ် သိသိသာသာလျှော့ချသွားမယ့် ဖက်ဒရယ်ဘက်ဂျက်ကို ကန်ဒေါ်လာ ၁၆၃ ဘီလီယံအထိ လျှော့ချဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် အစိုးရက မေ ၂ ရက်မှာ အဆိုပြုလိုက်ပါတယ်။
သမ္မတ ထရန့်က တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေကို နှိမ်နှင်းနေချိန် အဆိုပြုထားတဲ့ ဘက်ဂျက်ကြောင့် အမိမြေ လုံခြုံရေးအတွက် ၂၀၂၅ ခုနှစ်မှာ သုံးဖို့ လျာထားထားတဲ့ ငွေပမာဏထက် ၆၅ ရာခိုင်နှုန်း ပိုမို သုံးစွဲနိုင်မှာ ဖြစ်တယ်လို့ အမေရိကန်အစိုးရက ပြောပါတယ်။

ဖက်ဒရယ်အစိုးရမှာ ကြွေးမြီ ကန်ဒေါ်လာ ၃၆ ထရီလီယံ အထိ ရှိနေပြီး ထရန့်က ၂၀၁၇ ခုနှစ်မှာ သူ့ရဲ့ အခွန်လျှော့ချမှုအတိုင်း ဆက်လက် လုပ်ဆောင်ဖို့ အဆိုပြုတာက ကြွေးမြီ ပိုများလာစေမှာကို ဘဏ္ဍာရေး ရှေးရိုးဆန်သူတွေနဲ့ ဘက်ဂျက်ကျွမ်းကျင်သူ တချို့က စိုးရိမ်နေကြပါတယ်။
နိုင်ငံတကာဖွံ့ဖြိုးရေး အမေရိကန် အကူအညီပေးရေး အေဂျင်စီကို အင်အားလျှော့ချလိုက်ပြီးနောက် နိုင်ငံခြားရေးဝန်ကြီးဌာနအတွက် အသုံးစရိတ်ကို ဒေါ်လာ ဘီလီယံ ၅၀ လျှော့ချဖို့လည်း ထရန့် အစိုးရက အဆိုပြုထားပါတယ်။

ထရန့်အစိုးရရဲ့ အဆိုပြုချက်အရ ပညာရေးဝန်ကြီးဌာနရဲ့ အသုံးစရိတ်ဟာလည်း ၁၅ ရာခိုင်နှုန်း လျှော့ကျသွားမှာ ဖြစ်ပါတယ်။
အိမ်ခြံမြေနဲ့ မြို့ပြ ဖွံ့ဖြိုးရေးဌာနရဲ့ အသုံးစရိတ်ကို ထက်ဝက်လောက် လျှော့ချပစ်ဖို့ အမေရိကန်အစိုးရက အဆိုပြုထားပါတယ်။
ဒီလို ဘက်ဂျက် လျှော့ချမှုကြောင့် ကာကွယ်ရေး အသုံးစရိတ် ၁၃ ရာခိုင်နှုန်း ပိုများလာမယ်လို့ သိရပါတယ်။
ထရန့်ရဲ့ နိုင်ငံခြားကုန်စည်တွေအပေါ် အခွန် တိုးမြှင့်ကောက်ခံမှုကြောင့် ပြည်ပပို့ကုန်တွေ ဝယ်ယူမှု ပိုများလာတဲ့အတွက် အမေရိကန်ရဲ့ စီးပွားရေးဟာ ပထမ သုံးလပတ်ကာလအတွင်း မမျှော်လင့်ဘဲ ကျဆင်းမှုနဲ့ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။
Ref:Reuters