ဘရပ်ဆဲလ်၊ ဧပြီ ၁၂
စစ်ပွဲအတွက် အရေးကြီးတဲ့ အခုနှစ်အတွင်း ကိဗ်အတွက် နောက်ထပ် စစ်ရေးအကူအညီ ယူရို ၂၁ ဘီလီယံ ပေးအပ်မှာ ဖြစ်ကြောင်း ယူကရိန်းရဲ့ ဥရောပ မဟာမိတ်တွေက ကတိပြုလိုက်ပါတယ်။
အခု အကူအညီရဲ့ ထက်ဝက်ကျော် ဖြစ်တဲ့ လေးနှစ်တာအတွက် အကူအညီ ယူရို ၁၁ ဘီလီယံကို ဂျာမနီက ပေးပို့မှာ ဖြစ်ပါတယ်။

ဒီလို ယူကရိန်း မဟာမိတ်တွေရဲ့ ကတိတွေက မော်စကိုအတွက် ပြင်းထန်တဲ့ သတိပေးချက် ဖြစ်လိမ့်မယ်လို့ ဗြိတိန် ကာကွယ်ရေးဝန်ကြီး ဂျွန် ဟီလေက ပြောပါတယ်။
ဒေါ်နယ် ထရန့် လက်ထက်မှာ ဦးစားပေး ကိစ္စတွေ ပြောင်းလဲသွားတဲ့ လစ်ဟာမှုကို ဥရောပက ဝင်ဖြည့်ဖို့ ကြိုးပမ်းနေချိန် ဘရပ်ဆဲလ်မြို့ရှိ နေတိုးဌာနချုပ်မှာ ယူကရိန်း ကာကွယ်ရေးစာချုပ် အဖွဲ့ဝင်နိုင်ငံတွေ တွေ့ဆုံချိန် အခုလို ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဥရောပမဟာမိတ်တွေ ပေးပို့မယ့် စစ်ရေးအကူအညီမှာ လေကြောင်း ကာကွယ်ရေးစနစ်တွေ၊ ဒုံးကျည်တွေနဲ့ တခြား စစ်လက်နက်တွေ ပါဝင်မှာ ဖြစ်ပါတယ်။
အပစ်ရပ်ရေး သဘောတူညီချက် ရစေရမယ်လို့ သမ္မတ ထရန့်က ကတိပေးထားပေမယ့် စစ်ပွဲပြီးဆုံးမယ့် လက္ခဏာ မတွေ့ရဘူးလို့ ဥရောပ ကာကွယ်ရေးဝန်ကြီးတွေက ပြောပါတယ်။
ဧပြီ ၁၁ ရက်မှာ ကြေညာခဲ့တဲ့ စစ်ရေးအကူအညီထဲ ဗြိတိန်နဲ့နော်ဝေဆီက ရေဒါစနစ်တွေ၊ သံချပ်ကာကားဖျက် မိုင်းတွေ၊ ဒရုန်းတွေနဲ့ စစ်သုံးကားများ ပြုပြင်ထိန်းသိမ်းရေး ရန်ပုံငွေ ပေါင်သန်း ၄၅၀ ပါဝင်မှာ ဖြစ်ပါတယ်။
ရုရှားက ဗုံးကြဲတိုက်ခိုက်မှုတွေ အရှိန်မြှင့် ပြုလုပ်နေတာကြောင့် ဘရပ်ဆဲလ်မြို့ အစည်းအဝေးအတွင်း ယူကရိန်းအတွက် လေကြောင်း ကာကွယ်ရေးကို ဦးစားပေး ဆွေးနွေးခဲ့ကြပါတယ်။
စစ်ပွဲအတွင်း ထိခိုက်သေဆုံးမှုရဲ့ ၇၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းလောက်အထိဟာ ဒရုန်တွေနဲ့ တိုက်ခိုက်မှုကြောင့် ဖြစ်ကြောင်း မိမိတို့ တွက်ချက် သိရှိထားတယ်လို့ ဗြိတိန် ကာကွယ်ရေးဝန်ကြီးက ပြောထားတာပါ။
ဂျာမနီကတော့ ယူကရိန်းကို လက်နက်ကြီးတွေ အဓိက ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။
ဂျာမနီက လက်နက်ကြီး ကျည်တစ်သိန်း၊ ခြေမြန် တိုက်ခိုက်ရေး ယာဉ် ၂၅ စီး၊ သံချပ်ကာကား ၁၅ စီး၊ မြေပြင် ထောက်လှမ်းရေး ရေဒါ ၁၀၀ နဲ့ လူသယ်နိုင်တဲ့ လေကြောင်းကာကွယ်ရေးစနစ် ၁၂၀ ပေးပို့ သွားမှာ ဖြစ်ပါတယ်။
ယူကရိန်း ကာကွယ်ရေးစာချုပ်အဖွဲ့ရဲ့ ၂၇ ကြိမ်မြောက် တွေ့ဆုံမှုအဖြစ် ဘရပ်ဆဲလ်မှာ နိုင်ငံပေါင်း ၅၀ က ကာကွယ်ရေးဝန်ကြီးတွေ တွေ့ဆုံပြီးနောက် အခုလို ကတိ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
Ref:BBC