ဝါရှင်တန်၊ ဧပြီ ၁၂

တရုတ်က လက်စားပြန်ချေတဲ့အနေနဲ့ အမေရိကန် ကုန်ပစ္စည်းတွေ အပေါ် အခွန် ၁၂၅ ရာခိုင်နှုန်းအထိ တိုးမြှင့် ကောက်ခံမယ်လို့ ကြေညာလိုက်ပြီးနောက် ကုန်သွယ်ရေးစစ်ပွဲ ပိုမို ပြင်းထန်လာချိန်မှာ သမ္မတ ဒေါ်နယ် ထရန့်က သူ့ရဲ့ အခွန်မူဝါဒ အခြေအနေကောင်းပြီး အမေရိကန်နဲ့ကမ္ဘာကြီးအတွက် အကျိုးရှိလိမ့်မယ်လို့ ဧပြီ ၁၁ ရက်မှာ ပြောကြားလိုက်ပါတယ်။

စိုးရိမ်ပူပန်မှုတွေကြောင့် စတော့ရှယ်ယာ စျေးကွက်မှာ ဈေးနှုန်းတွေနဲ့ဒေါ်လာစျေးတွေ ကျဆင်းနေသလို ကမ္ဘာ့အကြီးမားဆုံး စီးပွားရေး နှစ်နိုင်ငံကြား ထိပ်တိုက်တွေ့မှု ပိုမို ပြင်းထန်လာချိန် ဘေဂျင်းက လက်စားချေတဲ့အနေနဲ့ အခွန် တိုးမြှင့်ထားပြီးနောက် အမေရိကန် အစိုးရ ငွေတိုက် စာချုပ်တွေဟာလည်း ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ဧပြီ ၁၁ရက်က လူမှုမီဒီယာပေါ်မှာ ဖော်ပြထားတဲ့ သတင်းစကားထဲ ထရန့်က မိမိတို့ရဲ့ အခွန်မူဝါဒနဲ့ ပတ်သက်လို့ မိမိတို့ အမှန်တကယ် အခြေအနေ ကောင်းတယ်လို့ ပြောထားပါတယ်။

ထရန့်က ကမ္ဘာတဝန်းရှိ နိုင်ငံပေါင်းများစွာအပေါ် သွင်းကုန် အခွန် တိုးမြှင့် ကောက်ခံမှာဖြစ်ကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်က ကြေညာခဲ့ပြီး အခုနောက်ပြန် ဆုတ်သွားခဲ့ပေမယ့် တရုတ်ကိုတော့ အခွန်တွေ တိုးကောက်သွားမှာ ဖြစ်ကြောင်း ထပ်ပြီး အတည်ပြုခဲ့ပါတယ်။

ဒါပေမဲ့ ဝါရှင်တန်နဲ့ ဘေဂျင်းကြား ကုန်သွယ်ရေးစစ်ပွဲ အရှိန်မြင့်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေကြောင့် ကမ္ဘာတဝန်းမှာ စျေးကွက်တွေ ဖရိုဖရဲ ဖြစ်သွားခဲ့ရပါတယ်။

နှစ်နိုင်ငံကြား တင်းမာမှု မြင့်တက်လာတာနဲ့ ပတ်သက်လို့ တရုတ် သမ္မတ ရှီကျင့်ဖျင်က ဧပြီ ၁၁ ရက်မှာ ပထမဆုံး မှတ်ချက်ပြုပြီး မိမိတို့ နိုင်ငံအနေနဲ့ ကြောက်ရွံ့နေမှာ မဟုတ်ဘူးလို့ ပြောကြားကြောင်း နိုင်ငံပိုင် သတင်းဌာနက ဖော်ပြပါတယ်။

စပိန်ဝန်ကြီးချုပ် ပက်ဒရို ဆန်ချက်ဇ်နဲ့တွေ့ဆုံမှုအတွင်း တစ်ဖက်သတ် အနိုင်ကျင့်တဲ့ အလေ့အထတွေကို တရုတ်နဲ့ဥရောပသမဂ္ဂတို့ ပူးပေါင်း တုံ့ပြန်သင့်တယ်လို့ သမ္မတ ရှီကျင့်ဖျင်က ပြောခဲ့ပါတယ်။

တင်းမာမှုတွေ မြင့်တက်နေပေမယ့် ရှီကျင့်ဖျင်နဲ့ ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီမှု ရယူလိုတယ်လို့ ထရန့်က ပြောထားပါတယ်။

တခြားနိုင်ငံတွေအပေါ် ပြဌာန်းထားတဲ့ အခွန်တွေကို ထရန့်က ရက် ၉၀ ကြာ ဆိုင်းငံ့ထားပြီး ကုန်သွယ်ရေး သဘောတူညီမှု မရယူဘူးဆိုရင် သတ်မှတ်ရက် ပြည့်ပြီးနောက် ပြန်လည် ပြဌာန်းသွားမှာ ဖြစ်တယ်လို့ ခြိမ်းခြောက်ထားပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.