ဝါရှင်တန်၊ မတ် ၄

အမေရိကန်က ယူကရိန်းသို့ ပေးပို့နေတဲ့ စစ်ရေး အကူအညီ အားလုံးကို ရပ်ဆိုင်းလိုက်ကြောင်း အိမ်ဖြူတော် အရာရှိ တစ်ဦးက အတည်ပြုပြောကြားပါတယ်။

အမေရိကန်က ပေးနေတဲ့ စစ်ရေး အကူအညီတွေဟာ အဖြေထွက်စေဖို့ အထောက်အကူ ပြုသလား ဆိုတာကို ပြန်လည် သုံးသပ်နေပြီး စစ်ရေး အကူအညီ အားလုံးကို ရပ်ဆိုင်းထားလိုက်ပြီလို့ အဲဒီအရာရှိက ပြောပါတယ်။

လွန်ခဲ့တဲ့ သုံးနှစ်က ယူကရိန်းကို ရုရှားက ရာနှုန်းပြည့် ကျူးကျော် တိုက်ခိုက်ပြီးနောက်ပိုင်း အမေရိကန်ဟာ ယူကရိန်းကို စစ်ရေး ဘဏ္ဍာရေးပါ အများဆုံး အကူအညီ ပေးခဲ့တဲ့ နိုင်ငံ ဖြစ်ပါတယ်။

ရုရှားနဲ့ စစ်ပွဲ အဆုံးသတ်ရေး အရမ်း အရမ်း အလှမ်းဝေးနေသေးတယ်လို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးရဲ့ ပြောဆိုမှုကို ထရန့်က ဝေဖန်ပြီး နာရီပိုင်းအကြာမှာ စစ်ရေး အကူအညီ ဆိုင်းငံ့မှု ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

ဒီအတောအတွင်း ဗြိတိန် ဝန်ကြီးချုပ် ကီယာ စတာမာက ရုရှားရန်ကနေ ယူကရိန်းအား ကာကွယ်ပေးရေးနဲ့ စစ်ပွဲ အဆုံးသတ်ရေး ယူကရိန်းနဲ့ လက်တွဲ ဆောင်ရွက်ရမယ့် အချက် လေးချက်ပါ အစီအစဉ် တစ်ရပ် ကြေညာလိုက်ပါတယ်။

ဒါပေမဲ့ မတ် ၂ ရက်က ထိပ်သီး ဆွေးနွေးပွဲ တစ်ရပ် ပြုလုပ်ခဲ့ပြီးနောက် ဥရောပ ခေါင်းဆောင်တွေက အမေရိကန် အကူအညီ မပါဘဲ ယူကရိန်းကို လုံခြုံရေး အာမခံချက် မပေးနိုင်ဘူးလို့ ပြောဆိုခဲ့ကြပါတယ်။

ယူကရိန်းအပေါ် အမေရိကန် စစ်ရေး အကူအညီ ဆိုင်းငံ့လိုက်တာနဲ့ ပတ်သက်လို့ ဒေါ်နယ်ထရန့် ကိုယ်တိုင် မှတ်ချက် မပေးသေးသလို ဇီလန်စကီးလည်း မှတ်ချက် မပေးသေးပါဘူး။

အဲဒီလိုပဲ နေတိုးနဲ့ အီးယူကလည်း ဒီသတင်းနဲ့ ပတ်သက်လို့ မှတ်ချက် မပေးသေးပါဘူး။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.