လန်ဒန်၊ ဖေဖော်ဝါရီ ၂၂

ရုရှားနဲ့ ငြိမ်းချမ်းရေး သဘောတူညီမှု ရယူတဲ့ အခြေအနေမှာ ယူကရိန်း အတွက် အမေရိကန်က ယုံကြည် စိတ်ချရတဲ့ လုံခြုံရေး အာမခံချက် မပေးခဲ့ဘူးဆိုရင် ဥရောပနိုင်ငံတွေက ပေးဖို့ လိုအပ်လိမ့်မယ်လို့ ဗြိတိန် စစ်ဖက်ဆိုင်ရာ အကြီးအကဲဟောင်းက ပြောကြားလိုက်ပါတယ်။

အငြိမ်းစား ဗိုလ်ချုပ်ကြီး ဆာနစ် ကာတာက ယူကရိန်းရဲ့ အချုပ်အခြာ အာဏာ ခိုင်မာ သေချာစေရေးဟာ မျှတတဲ့ သဘောတူညီမှုအတွက် အခြေခံကျတဲ့အချက် ဖြစ်ပြီး ရုရှားရဲ့ ရန်စမှုကို တားဆီးမယ့် ငြိမ်းချမ်းရေး ပုံစံမျိုး ဥရောပက စီစဉ်ဆောင်ရွက်ရမယ်လို့ ပြောဆိုလိုက်တာပါ။

ဒီလို လုပ်ဆောင်ရာမှာ ဗြိတိန်အနေနဲ့ ဦးဆောင် အခန်းကဏ္ဍက ပါဝင်သင့်တယ်လို့ လာမယ့် သီတင်းပတ်မှာ ဗြိတိန်ဝန်ကြီးချုပ် ဆာ ကီယာ စတာမာနဲ့ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်တို့ တွေ့ဆုံမှု မတိုင်ခင် အခုလို ပြောလိုက်တာလည်း ဖြစ်ပါတယ်။

ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး အမေရိကန်ရဲ့ ကြိုးပမ်းမှုတွေကြောင့် ထရန့်နဲ့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီးတို့ကြား မကြာသေးခင်က သဘောထား တင်းမာမှုတွေဖြစ်စေခဲ့ပြီး ဥရောပ ခေါင်းဆောင်တွေ တိုင်ပင် ဆွေးနွေးခဲ့ရပါတယ်။

ဥရောပကို လုံခြုံအောင် လုပ်ဆောင်ရာမှာ ထရန့်အစိုးရက အမေရိကန်ရဲ့ အခန်းကဏ္ဍကို ပိုမို သေးငယ်သွားအောင် လုပ်ဖို့ ကြိုးပမ်းနေချိန်မှာ ရုရှားနဲ့ မကြာခင် တိုက်ရိုက် ညှိနှိုင်းသွားမှာ ဖြစ်ကြောင်း အမေရိကန်က ကြေညာထားပါတယ်။

ဒါပေမဲ့ ယူကရိန်း၊ ဇီလန်စကီးတို့နဲ့ ပတ်သက်တဲ့ ထရန့်ရဲ့ မကြာသေးခင်က ပြောဆိုမှု တချို့ကြောင့် အဲဒီ ဆွေးနွေးမှုတွေ ဘယ်ကို ဦးတည် သွားမလဲ ဆိုတာနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ယူကရိန်းအနေနဲ့ ယုံကြည်စိတ်ချရပြီး ကောင်းကောင်း အဓိပ္ပါယ် ဖွင့်ဆိုထားတဲ့ လုံခြုံရေး အာမခံချက်တွေ လိုအပ်တယ်လို့ သမ္မတ ဇီလန်စကီးက ဖေဖော်ဝါရီ ၂၀ ရက် ညမှာ ပြောကြားခဲ့တာပါ။

၂၀၁၈ ခုနှစ်ကနေ၂၀၂၁ ခုနှစ်အထိ ဗြိတိန်စစ်ဦးစီးချုပ် အဖြစ် တာဝန်ယူခဲ့သူ ဗိုလ်ချုပ် ကာတာက စစ်ပွဲ အဆုံးသတ်ရေး မျှတတဲ့ ဖြေရှင်းမှု ဖြစ်၊မဖြစ် ဆိုတာကို ယူကရိန်းကပဲ ဆုံးဖြတ်ရမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒါပေမဲ့ ဗြိတိန်နဲ့ ဥရောပတို့အနေနဲ့ အနည်းဆုံး လက်ခံနိုင်မယ့် အခြေအနေတွေ ဘာဖြစ်မလဲဆိုတာနဲ့ ပတ်သက်လို့ သူတို့ရဲ့ ရပ်တည်ချက်တွေကို ရှင်းရှင်းလင်းလင်း ဖြစ်အောင် လုပ်ထားရမယ်လို့ ဗိုလ်ချုပ် ကာတာက ပြောပါတယ်။

အခြေခံကျကျပြောရရင် အနာဂတ် ယူကရိန်း အချုပ်အခြာ အာဏာ အတွက် လုံခြုံရေး အာမခံချက် တချို့ ရှိကို ရှိရမယ်လို့ သူက ပြောပါတယ်။

အမေရိကန်ရဲ့ လုံခြုံရေး အာမခံချက်ကသာ ရုရှားကို တားဆီးရေး တစ်ခုတည်းသော ထိရောက်တဲ့ နည်းလမ်း ဖြစ်မယ်လို့ ဗိုလ်ချုပ် ကာတာက အရင်က ပြောခဲ့ဖူးပါတယ်။

လောလောဆယ် ထရန့်ရဲ့ အစီအစဉ်အရ ရုရှားနဲ့ ဆွေးနွေးရာမှာ ဥရောပနိုင်ငံတွေကို ဖိတ်ခေါ်မှု မရှိသေးသလို ယူကရိန်းကိုလည်း ဘေးဖယ်ထားဆဲ ဖြစ်ပါတယ်။

ထရန့်က ယူကရိန်းဆီ ဥရောပ ငြိမ်းချမ်းရေးတပ်တွေ စေလွှတ်ရင် ကန့်ကွက်မှာ မဟုတ်ဘူးလို့ ပြောထားပေမယ့် အမေရိကန်ကတော့ အဲဒီလို တပ်ဖွဲ့ဝင်တွေ စေလွှတ်မှာ မဟုတ်ဘူးလို့ တုံ့ပြန်ထားပါတယ်။

ဥရောပအနေနဲ့ သူတို့ရဲ့ လုံခြုံရေးအတွက် ကိုယ်တိုင် အားကိုးသင့်တယ်လို့ အမေရိကန်ဘက်က ပြောဆိုထားပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.