ဆိုးလ်၊ ဖေဖော်ဝါရီ ၆
သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို စီမံခန့်ခွဲပုံနဲ့ ပတ်သက်လို့ အချက်အလက် စောင့်ကြည့်ရေးအဖွဲ့ တစ်ဖွဲ့က တရုတ် ဉာဏ်ရည်တုဝန်ဆောင်မှု DeepSeek ကို မေးမြန်ရာမှာ တုံ့ပြန်မှု မရှိတာကြောင့် မိမိတို့ရဲ့ အလုပ်ကွန်ပြူတာတွေမှာ အဲဒီ နည်းပညာ အသုံးပြုခွင့်ကို တားမြစ်ထားကြောင်း တောင်ကိုရီးယားဝန်ကြီး ဌာနတွေနဲ့ ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၆ ရက်မှာ ပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့လမှာ သူတို့ရဲ့ R1 chatbot စကားပြော စက်ရုပ်ကို မိတ်ဆက်ခဲ့တဲ့ DeepSeek က အမေရိကန်ရဲ့ ဉာဏ်ရည်တု စွမ်းပကားကို လိုက်မှီတယ်လို့ ပြောဆိုခဲ့ပြီး လူကြိုက်များသွားခဲ့တာပါ။
ပြင်သစ်နဲ့ အီတလီတို့လို နိုင်ငံတွေနဲ့အတူ တောင်ကိုရီးယားက DeepSeek ရဲ့ အချက်အလက် အသုံးပြုပုံဆိုင်ရာ အလေ့အထကို မေးခွန်းထုတ်ခဲ့ကြပြီး အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို ထိန်းသိမ်းပုံနဲ့ ပတ်သက်လို့ အသိပေးဖို့ စာရေး တောင်းဆိုခဲ့ကြတာပါ။
ဒါပေမဲ့ တောင်ကိုရီးယား အချက်အလက် စောင့်ကြည့်ရေး အဖွဲ့ရဲ့ တောင်းဆိုမှုကို ပြန်လည် ဖြေကြားဖို့ DeepSeek က ပျက်ကွက်ခဲ့ပြီးနောက် အဲဒီ ဉာဏ်ရည်တုနည်းပညာကို အသုံးပြုရာကနေ တစ်ဆင့် အထိအခိုက် မခံနိုင်တဲ့ အချက်အလက်တွေ ပေါက်ကြားသွားနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုကြောင့် တောင်ကိုရီးယားဝန်ကြီးဌာနတွေက တားမြစ်ကြောင်း ကြေညာခဲ့ပါတယ်။
အင်တာနက်လိုင်း ချိတ်ထားပြီး အထူးသဖြင့် စစ်ရေးလုပ်ငန်းသုံး ကွန်ပြူတာတွေမှာ အဲဒီ နည်းပညာ အသုံးပြုခွင့်ကို တားမြစ်လိုက်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန အရာရှိတစ်ဦးက ပြောကြားထားပါတယ်။
ကုန်သွယ်ရေးဝန်ကြီးဌာနက အဲဒီ နည်းပညာ အသုံးပြုခွင့်ကို ယာယီ တားမြစ်ကြောင်း ကြေညာထားပြီး ရဲတပ်ဖွဲ့ကတော့ သူတို့ရဲ့ ရုံးသုံး ကွန်ပြူတာတွေမှာ DeepSeek အသုံးပြုခွင့် တားမြစ်ကြောင်း ကြေညာခဲ့တာပါ။
ဘဏ္ဍာရေးဝန်ကြီးဌာနက သူတို့ရဲ့ ဝန်ထမ်းတွေရဲ့ ပုဂ္ဂိုလ်ရေး အချက်အလက်တွေနဲ့ လျှို့ဝှက်အချက်အလက်တွေ မပေါက်ကြားစေရေး စီစဉ်ဆောင်ရွက်ထားတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အီတလီမှာ DeepSeek ကို စုံစမ်းစစ်ဆေးပြီး အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို အသုံးချလို့ မရအောင် တားဆီးခဲ့ပါတယ်။
သြစတေးလျကလည်း သူတို့ရဲ့ အစိုးရ ကွန်ပြူတာတွေ အားလုံးမှာ DeepSeek အသုံးပြုခွင့် တားမြစ်ထား ပါတယ်။
တရုတ် ကုမ္ပဏီတွေဟာ တရုတ်ကွန်မြူနစ်ပါတီရဲ့ တောင်းဆိုမှုတွေ အတိုင်း လိုက်နာရတာကြောင့် အဲဒီနည်းပညာတွေကို သုံးရင် အချက်အလက်တွေ သူတို့အစိုးရဆီ ရောက်ရှိသွားနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ အများကြီး ထွက်ပေါ်နေတာ ဖြစ်ပါတယ်။
Ref:AFP