အမှန်/အမှား
++++++++
မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။
ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။
ဒီကနေ့မှာတော့ “ပဲခူးတိုင်း နတ်တလင်းမြို့နယ် ဆီဆုံကုန်းကျေးရွာမှာ အရပ်သားတွေ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရတာဟာ ရွာခံ PDF တွေ ”ဆိုပြီး စစ်ကောင်စီဘက်က သတင်းအမှား ဖြန့် ချိနေတဲ့အကြောင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီအကြောင်းကို စစ်ကောင်စီတပ် လော်ဘီတွေရဲ့ လူမှုကွန်ရက်နဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ဇန်န ဝါရီ ၁၉ ရက်က ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။
ဖြစ်စဉ်မှာတော့ ပဲခူးတိုင်း နတ်တလင်းမြို့နယ် ဆီဆုံကုန်းကျေးရွာကို ဇန်နဝါရီ ၁၆ ရက်နေ့မှာ စစ်ကောင်စီတပ်က စီးနင်းဝင်ရောက်ပြီးနောက် ဒေသခံ ၁၀ ဦးထက်မနည်း သတ်ဖြတ်ခဲ့တယ်လို့ ဒေသ ခံတွေက လွတ်လပ်သောသတင်းမီဒီယာတွေကို ပြောထားပါတယ်။
စစ်ကောင်စီရဲ့ တပ်မ ၆၆၊ တပ်မ ၇၇ နဲ့ ကာကွယ်ရေး ပစ္စည်းစက်ရုံ ကပစတပ်က အင်အား ၁၀၀ နီးပါးဟာ ဇန်နဝါရီ ၁၅ ရက်နေ့မှာ အဲဒီရွာကို ဝင်ရောက်စီးနင်းခဲ့ပြီးနောက် သတ်ဖြတ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ် စစ်ကြောင်းတွေဟာ ဆီဆုံကုန်းရွာမှာ ဆက်ရှိနေသေးတာကြောင့် သေဆုံးသူအ ရေအတွက် ဒီထက်ပိုများလာနိုင်တယ်လို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပြထားပါတယ်။
ဇန်နဝါရီ ၁၄ ရက်နေ့ကတည်းက ဆီဆုံကုန်းရွာပတ်လည်မှာ စစ်ကောင်စီတပ်တွေက မိုင်းတွေ လိုက်ထားကာ ဒရုန်းတွေ၊ လက်နက်ကြီးတွေ ပစ်ပြီးတော့ ရွာထဲဝင်လာပြီး PDF တွေကို စိန်ခေါ်တာ၊ အိမ်စောင့်ကျန်ခဲ့တဲ့ သက်ကြီးရွယ်အိုတွေနဲ့ အမျိုးသားတွေကို ဇန်နဝါရီ ၁၅ရက်မှာ စပြီးသတ် ဖြတ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက မောင်းသတင်းဌာနကို ဖြေထားပါတယ်။
လက်ရှိအချိန်ထိ စစ်ကောင်စီတပ်တွေက ရွာထဲတပ်စွဲထားတာကြောင့် ဒေသခံတွေ ရွာလုံးကျွတ် တိမ်းရှောင်ထွက်ပြေးနေရတယ်လို့ သိရပါတယ်။
ဆီဆုံကုန်းရွာအနီးက ဘန့်ဘွေးကုန်းနဲ့ လယ်မအင်းစတဲ့ရွာတွေက နေအိမ်တချို့ကိုလည်း ဇန်နဝါရီ ၁၇ ရက်မှာလည်း စစ်ကောင်စီတပ်က မီးရှို့ခဲ့တယ်လို့ BBCသတင်းဌာနမှာ ဖော်ပြထားပါတယ်။
RFAသတင်းဌာနက သတင်းလင့်
BBC သတင်းဌာနက သတင်းလင့်
မောင်းသတင်းဌာနကဖော်ပြထားတဲ့လင့်
ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာ၏တွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။
သံလွင်တိုင်းမ်