မော်စကို၊ ဇန်နဝါရီ ၂၄

ရုရှားနဲ့ အပစ်ခတ်ရပ်စဲထားတဲ့အချိန် ယူကရိန်းမှာ နေတိုးအဖွဲ့ဝင် နိုင်ငံတွေရဲ့ ငြိမ်းချမ်းရေး ထိန်းသိမ်းရေးတပ်ဖွဲ့ဝင်တွေ ချထားမယ့် အစီအစဉ်ကို ရုရှားက ဇန်နဝါရီ ၂၃ ရက်မှာ ပယ်ချလိုက်ပြီး အဲဒီလိုလုပ်ရပ်က ထိန်းချုပ်မရတဲ့ အရှိန်မြင့်တက်မှု ဖြစ်စေနိုင်တဲ့ အန္တရာယ် ရှိတယ်လို့ ပြောကြားလိုက်ပါတယ်။

အဲဒီအစီအစဉ်ဟာ ရုရှားအတွက် လုံးဝ လက်ခံနိုင်စရာ မဟုတ်ဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိ အမျိုးသမီး မာရီယာ ဇာခါရိုဗာက ဆိုပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာနဲ့ ဂျာမန် ကာကွယ်ရေးဝန်ကြီး ဘိုးရစ် ပစ်စတိုရီးယပ်စ်တို့က ယူကရိန်းမှာ ချထားမယ့် ငြိမ်းချမ်းရေး ထိန်းသိမ်းရေး တပ်ဖွဲ့အတွက် သူတို့ နိုင်ငံတွေကနေ စေလွှတ်ပေးနိုင်မယ့် တပ်ဖွဲ့ဝင် အရေအတွက်နဲ့ ပတ်သက်လို့ မကြာသေးခင်က ဆွေးနွေး ပြောဆိုမှုတွေကို ရည်ညွှန်းပြီး ပြောခွင့်ရ မာရီယာ ဇာခါရိုဗာက ပြောကြားလာတာ ဖြစ်ပါတယ်။

ဥရောပမှာ နေတိုးအဖွဲ့ရဲ့ အကြီးမားဆုံး လက်တွဲဖော်ဖြစ်တဲ့ ဂျာမနီအနေနဲ့ ပါဝင်ဖို့ အခန်းဏ္ဍတစ်ခု သိသိသာသာ ရှိနေပြီး အဲဒီ ကိစ္စကို မကြာခင် ဆွေးနွေးသွားမယ်လို့ ကာကွယ်ရေးဝန်ကြီး ပစ်စတိုရီးယပ်စ်က ဇန်နဝါရီ ၁၈ ရက် အင်တာဗျူးမှာ ပြောကြားထားတာပါ။

ဝန်ကြီးချုပ် ကီယာ စတာမာက မိမိတို့ရဲ့ အခြား မဟာမိတ်တွေနဲ့ အတူ ငြိမ်းချမ်းရေး ထိန်းသိမ်းရေး တပ်ဖွဲ့ ထူထောင်ရေး ဆွေးနွေးထားပြီး မိမိတို့ အပိုင်းအတွက် ရာနှုန်းပြည့် ပါဝင်သွားမှာ ဖြစ်တယ်လို့ ဇန်နဝါရီ ၁၆ ရက်မှာ ထုတ်ပြောထားပါတယ်။

ရုရှား-ယူကရိန်းစစ်ပွဲကို အလျင်အမြန် အဆုံးသတ်အောင် လုပ်ဆောင်မယ်လို့ ပြောထားတဲ့ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်နဲ့ ဆွေးနွေးဖို့ လမ်းဖွင့်ထားတယ်လို့ ရုရှားက ပြောထားပါတယ်။

သမ္မတ ထရန့်နဲ့ တွေ့ဆုံခွင့်ရရေး ကြိုးပမ်းနေတဲ့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အပစ်ခတ် ရပ်စဲရေး သဘောတူညီမှု ရခဲ့ရင် ရုရှားတပ်တွေ ထပ်မံ မတိုက်ခိုက်ရေး ကာကွယ်နိုင်စေဖို့ ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင် အနည်းဆုံး နှစ်သိန်း လိုအပ်မယ်လို့ ပြောဆိုထားပါတယ်။

နေတိုးအဖွဲ့ရဲ့ ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင်တွေ ချထားမှုမှာ အမေရိကန်လည်း မဖြစ်မနေ ပါဝင်ပေးရမှာ ဖြစ်တယ်လို့ သမ္မတ ဇီလန်စကီးက ပြောဆိုထားပါတယ်။

ဒီအစီအစဉ်က ရုရှားအနေနဲ့ လုံးဝ လက်ခံနိုင်စရာ မရှိဘဲ နေတိုးအဖွဲ့က အစီအစဉ် အတိုင်း ဆက်လုပ်ခဲ့မယ်ဆိုရင် စစ်ပွဲဟာ ထိန်းလို့မရတော့တဲ့ အခြေအနေအထိ အရှိန်မြင့်တက်လာနိုင်တဲ့ အန္တရာယ် ရှိတယ်လို့ ရုရှားက ပြောဆိုထားတာ ဖြစ်ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.