ဝါရှင်တန်၊ ဇန်နဝါရီ ၂၂

ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ဆွေးနွေးညှိနှိုင်းဖို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ငြင်းဆိုခဲ့မယ်ဆိုရင် ရုရှားကို အရေးယူ ပိတ်ဆို့မှုတွေ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က ဇန်နဝါရီ ၂၁ ရက်မှာ ပြောကြားလိုက်ပါတယ်။

ဖြစ်လာနိုင်ခြေရှိတဲ့ နောက်ထပ် အရေးယူပိတ်ဆို့မှုတွေနဲ့ ပတ်သက်လို့ အသေးစိတ်ကို သမ္မတ ထရန့်က ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီမှာ ယူကရိန်းကို ကျူးကျော် တိုက်ခိုက်မှု အတွက် ရုရှားကို အမေရိကန်က အရေးယူ ပိတ်ဆို့မှုတွေ အများကြီး ပြုလုပ်ထားပြီး ဖြစ်ပါတယ်။

ယူကရိန်းဆီ လက်နက်ပေးပို့ရေး ကိစ္စကိုလည်း မိမိရဲ့ အစိုးရအဖွဲ့က ပြန်လည် သုံးသပ်နေတယ်လို့ သမ္မတ ထရန့်က ပြောကြားထားပြီး ယူကရိန်းကို ကူညီရေး ဥရောပဘက်က ပိုမို လုပ်ဆောင်ပေးသင့်တယ်လို့ ပြောပါတယ်။

ယူကရိန်းသမ္မတ ဇီလန်စကီးနဲ့ ပြောဆိုမှုတွေရှိနေကြောင်း၊ မကြာခင် သမ္မတ ပူတင်နဲ့ ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ သမ္မတ ထရန့်က ပြောဆိုထားတာပါ။

ယူကရိန်း စစ်ပွဲကို ရပ်တန့်ဖို့ တရုတ် ကြားဝင် ဖြေရှင်းပေးရေး သမ္မတ ရှီကျင့်ဖျင်ကို တိုက်တွန်းထားတယ်လို့လည်း သမ္မတ ထရန့်က ပြောပါတယ်။

ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပမှာ အကြီးမားဆုံးဖြစ်ပွားနေတဲ့ ယူကရိန်း စစ်ပွဲကို ၂၄ နာရီအတွင်း ရပ်တန့်အောင် လုပ်ဆောင်နိုင်တယ်လို့ ကျမ်းသစ္စာ ကျိန်ဆိုပွဲမတိုင်ခင် ထရန့်က ကြွားဝါ ပြောဆိုခဲ့ဖူးပါတယ်။

ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်လို့ ထရန့်နဲ့ ဆွေးနွေးဖို့ အသင့်ရှိကြောင်း သမ္မတ ပူတင်က အရင်ကတည်းက ပြောဆိုထားပြီး ဖြစ်ပါတယ်။

ရှီကျင့်ဖျင်အနေနဲ့ ယူကရိန်း စစ်ပွဲအဆုံးသတ်ရေး လုပ်ဆောင်ထားတာ အများကြီး မရှိသေးဘဲ သူဟာ မိမိတို့မှာလိုပဲ အင်အားတော်တော်များများရှိသူ ဖြစ်တယ်လို့ ထရန့်က ပြောဆိုထားပါတယ်။

ဒါကြောင့် ရုရှား-ယူကရိန်း စစ်ပွဲ အဆုံးသတ်ရေး သမ္မတ ရှီကျင့်ဖျင်အနေနဲ့ အခုထက်ပိုပြီး အများကြီး ကြိုးစားပေးသင့်တယ်လို့လည်း ဆိုပါတယ်။

အမေရိကန် ဦးဆောင်ပြီး ယူကရိန်းဆီ စစ်ရေးအကူအညီ ပေးပို့မှု အပေါ် ပြန်သုံးသပ်နေတယ်လို့ ပြောထားတဲ့ သမ္မတ ထရန့်က အရင်အကူအညီ ပေးပို့မှုတွေကို ဝေဖန်ခဲ့ပြီးနောက် လေသံ ပြန်ပျော့သွားတဲ့ သဘောကို တွေ့နေရတာ ဖြစ်ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.