မကွေး ဇန်နဝါရီ ၁၇
ရခိုင်ပြည်နယ် အမ်းမြို့ကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၁၂ ဦးကို နှစ်ရက်အတွင်း ဖမ်းဆီးရမိတယ်လို့ Chin Defence Force – Asho ရဲ့တာဝန်ရှိသူ ဆလိုင်းရိုးချင်းက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်နဲ့ ၁၄ ရက်တွေမှာ အမ်းမြို့ကနေ ထွက်ပြေးလာတဲ့ အဲဒီစစ်ကောင်စီတပ်သားတွေကို ဖမ်းဆီးရမိခဲ့တာပါ။
“ရခိုင်ပြည်နယ်ကပဲ ဖြစ်ပါစေ၊ မကွေးတိုင်းထဲကပဲ ဖြစ်ပါစေ ထွက်ပြေးနေကြတဲ့ စကစတွေကို ပြောချင်တာက နည်းမှန်လမ်းမှန်နဲ့ မှန်ကန်စွာအလင်းဝင်နိုင်ရင် မိမိကိုယ်တိုင်ရော၊ မိသားစုအသက်ရော လုံခြုံစိတ်ချရမှုရှိနိုင်တယ်။ အသက်ရှင်ဖို့ အခွင့်အလမ်းရှိတယ်လို့ ပြောချင်ပါတယ်” လို့ ဆလိုင်းရိုးချင်းက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒီလိုမဟုတ်ဘဲ တိုက်ပွဲရှုံးချိန်မှ လက်နက်ချပါက စစ်သုံ့ပန်းတောင်မှအနိမ့်ဆုံးအဆင့်ဖြစ်တဲ့အတွက် စဉ်းစားချင့်ချိန်ပြီး လက်နက်ချ အလင်းဝင်ကြဖို့ တိုက်တွန်းထားပါတယ်။
ဇန်နဝါရီ ၁၃ ရက်မှာ အမ်းမြို့နယ် ကြက်ရေစမ်းရွာအနီးစခန်းကနေထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၅ ဦးကို ငဖဲမြို့နယ် ဂုတ်စည်းရိုးရွာအနီး တားဆီးခဲ့ပေမဲ့ လက်နက်မချခဲ့ဘူးလို့ သိရပါတယ်။
အဲဒီ လက်နက်မချတဲ့ စစ်ကောင်စီတပ်သားတွေကို ပစ်ခတ်ဖမ်းဆီးရာမှာ ဒဏ်ရာရှိထားသူ ၂ ဦးကို ဖမ်းဆီးရမိခဲ့ပေမဲ့ ဆေးကုသနေစဉ် သေဆုံးသွားတယ်လို့ သိရပါတယ်။
နောက်တစ်ရက်အကြာ ဇန်နဝါရီ ၁၄ ရက်မှာတော့ အမ်းမြို့နယ် တောင်ဇောက်ရွာအနီးတိုက်ပွဲကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီအင်အား ၁၀၀ ဝန်းကျင်နဲ့ ငဖဲမြို့နယ် ရှောက်တောင်ရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
အဲဒီ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးပြီးတော့ ထွွက်ပြေးသွားတဲ့ စစ်သားတွေနောက်ကို လိုက်လံ နယ်မြေရှင်းလင်းရေးလုပ်ဆောင်စဉ် စစ်သား ၈ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
အဲဒီ တိုက်ပွဲတွေအတွင်း စစ်ကောင်စီထံက လက်နက်ငယ် ၁၅ လက်၊ စိန်ပြောင်းတစ်လက်အပြင် ခဲယမ်းနဲ့ စစ်အသုံးဆောင်ပစ္စည်းတွေကိုသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
အာရက္ခတပ်တော် AA အနေနဲ့ အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်မှာ အပြီးသတ်သိမ်းပိုက်ထားပါတယ်။ အဲဒီနောက် အာရက္ခတပ်တော်က အမ်းမြို့နဲ့ မကွေးတိုင်းအစပ်က စစ်ကောင်စီတပ်စခန်းတွေကို ဆက်လက်ထိုးစစ်ဆင်နေတာဖြစ်ပြီး နေ့စဉ် စစ်ကောင်စီလက်အောက်ခံတွေ ထွက်ပြေးနေတာဖြစ်တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CDF Asho