ရေး၊ ဇန်နဝါရီ ၁၇

မွန်ပြည်နယ် ရေးမြို့နယ် ကျုံလောင်းဒေသမှာ သုံးရက်အကြာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၇၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ မွန်၊ ကရင်နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဇန်နဝါရီ ၁၆ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၈ ရက်နေ့ကစပြီး ရေးမြို့နယ်အခြေစိုက် အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ အင်အားအများအပြားပါတဲ့ စစ်ကောင်စီတပ်ဟာ ကျုံလောင်းကျေးရွာဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ရာ ဇန်နဝါရီ ၉ ရက်နေကနေ ၁၁ ရက်နေ့အထိ နှစ်ဖက်ထိတွေ့ တိုက်ပွဲ ပြင်းထန်ခဲ့တာပါ။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အရာရှိအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၃၀ နီးပါး ထိခိုက်ဒဏ်ရာရရှိမှုအပေါ် မျက်မြင်အချက်အလက်တွေနဲ့ သတင်းပေးတွေကြောင့် အတည်ပြုနိုင်ခဲ့တယ်လို့ ဒေါနတပ်ရင်းရဲ့ တပ်ရင်းမှူး ရဲဘော်ရန်နိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ လေကြောင်းပစ်ကူ သုံးကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဘိုကလေး ဘုန်းကြီးကျောင်း အနီးဝန်းကျင်မှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာလည်း စစ်ကောင်စီတပ်ဟာ လက်နက်ကြီး နေ့စဉ်ရမ်းသမ်း ပစ်ခတ်နေသလို စကခ ၁၉ လက်အောက်ခံ ခလရ-၃၁၊ ခလရ-၆၁၊ ခလရ-၁၀၆၊ ခမရ-၂၉၉၊ ခမရ-၃၄၃၊ ခမရ-၅၈၆၊ ခမရ-၅၈၇၊ ခမရ-၅၈၃၊ ခမရ-၅၉၁နဲ့ အမတ-၃၁၆ တို့မှ အင်အားအများအပြား စစ်ကြောင်းထိုးနေတာကြောင့် နှစ်ဖက်စစ်ရေးတင်မားနေတာ ဖြစ်ပါတယ်။

တိုက်ပွဲအတွင်း ဒေါနတပ်ရင်းနဲ့ မွန် ကရင် တော်လှန်ရေးအင်အားစုတွေမှ ရဲဘော်သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကျဆုံးမှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။

ဒါကြောင့် မိဘပြည်သူတွေအနေနဲ့ နှစ်ဖက်စစ်ရေးတင်းမာနေတာကြောင့် လေကြောင်းနဲ့ လက်နက်ကြီး အန္တရာယ်တွေအတွက် ကြိုတင်ပြင်ဆင်ထားကြဖို့နဲ့ စစ်ကောင်စီတပ်နဲ့ နီးစပ်တဲ့နေရာမှာ မနေကြဖို့ တိုက်တွန်းထားပါတယ်။

ရေးတိုက်ပွဲနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က လက်ရှိအချိန်ထိ တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

ရေးတိုက်ပွဲကြောင့် ကျုံလောင်းအပါအဝင် အနီးပတ်ဝန်ကျင်းကျေးရွာတွေက ဒေသခံ ထောင်နဲ့ချီဟာ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေထဲ ထွက်ပြေးခိုလှုံနေရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ဒေါနတပ်ရင်း/MSRF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.