ရေး၊ ဇန်နဝါရီ ၁၂

နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတဲ့ မွန်ပြည်နယ် ရေးမြို့နယ် ကျုံလောင်းဒေသမှာ စစ်ကောင်စီဘက် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေပြီး ပေါင် ၅၀၀ ဗုံးတွေလည်း လာရောက်ကြဲချနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေထံ သိရပါတယ်။

အင်အား ရာနဲ့ချီ ပါဝင်တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်နေ့ကစပြီး ကျုံလောင်းဒေသထဲ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားနေတာပါ။

တိုက်ပွဲအတွင်း အထိနာနေတဲ့ စစ်ကောင်စီတပ်ဟာ ဇန်နဝါရီ ၁၀ ရက်နေ့မှာ လေကြောင်းတိုက် ခိုက်မှု စတင်လုပ်ဆောင်ခဲ့ပြီး ဇန်နဝါရီ ၁၁ ရက်နေ့မှာ ပေါင် ၅၀၀ ဗုံး လေးလုံးထက်မနည်း လာရောက်ကြဲချသွားပါတယ်။

စစ်ကောင်စီရဲ့ ဗုံးကြဲမှုကြောင့် ကျုံလောင်းဒေသတဝိုက် ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်မှု အခြေ အနေ အသေးစိတ် မသိရသေးဘူးလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဒေါနစစ်ကြောင်း တာဝန်ခံ စောဒါးကိုက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကျုံလောင်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု များပြားနေသလို စစ်ကူစစ် ကြောင်းတွေ လည်း ထပ်မံပို့ဆောင်နေတယ်လို့ ဆိုပါတယ်။

သုံးရက်ဆက် တိုက်ပွဲပြင်းထန်နေတဲ့ ကျုံလောင်းဒေသကို ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရင်းတွေကနေ လက်နက်ကြီး အဆက်မပြတ် ပစ်ကူပေးနေပြီး ဒေသခံနေအိမ်တွေလည်း ထိ ခိုက်ပျက်စီးတာတွေ ရှိနေပါတယ်။

နှစ်ဖက်တိုက်ပွဲကြောင့် ကျုံလောင်းကျေးရွာအပါအဝင် အနီးပတ်ဝန်းကျင် ကျေးရွာတွေက ထောင်နဲ့ချီတဲ့ဒေသခံတွေဟာ မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေနဲ့ ဘေးလွတ်ရာနေရာတွေထံ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.