တနင်္သာရီ၊ ဇန်နဝါရီ ၁၂
နှစ်ဖက်တိုက်ပွဲတွေကြောင့် တနင်္သာရီမြို့နယ် သိန်ခွန်းကျေးရွာနဲ့ ချောင်းနှစ်ပေါက်ကျေးရွာက စစ်ဘေးရှောင် ၁၄၀၀ ကျော်အတွက် အရေးပေါ် စားနပ်ရိက္ခာ လိုအပ်နေတယ်လို့ တွဲလက်ညီညီစစ်ဘေးရှောင် ကူညီရေးအဖွဲ့ ထံက သိရပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကတည်းက တနင်္သာရီမြို့နယ် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ကျေးရွာတွေမှာ စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး ပူပေါင်းတပ်တွေရဲ့ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။
အဲဒီတိုက်ပွဲတွေကြောင့် သိန်ခွန်းကျေးရွာနဲ့ ချောင်းနှစ်ပေါက်ကျေးရွာက ဒေသခံ ၁၄၀၀ ကျော်ဟာ တောတောင်တွေမှာ ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးပါဘူး။
စစ်ဘေးရှောင်တွေအတွက် အရင်ကရှိတဲ့ ရိက္ခာနဲ့ဖြေရှင်းပေးနေရပြီး လက်ရှိမှာ အလှူငွေမရှိတော့တဲ့အတွက် ပိုမိုအခက်အခဲ ဖြစ်လာတယ်လို့ တွဲလက်ညီညီ စစ်ဘေးရှောင်ကူညီရေးအဖွဲ့ တာဝန်ခံ ကိုဖြိုးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
တိုက်ပွဲကြောင့်နှစ်ဖက်အဖွဲ့တွေက အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးပိုင်း ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားတာကြောင့် ဒေသတွင်းမှာ စားနပ်ရိက္ခာ ပိုမိုခက်ခဲလာသလို ဆန်တစ်အိတ်ကို ကျပ် တစ်သိန်းခွဲကျော်အထိ ပေးဝယ်နေရပါတယ်။
လက်ရှိမှာ တွဲလက်ညီညီစစ်ဘေးရှောင်ကူညီရေးအဖွဲ့က စစ်ဘေးရှောင် ၅၀၀ ကိုသာ လိုအပ်တဲ့ စားနပ်ရိက္ခာအကူအညီတွေ သွားရောက်ပံ့ပိုးကူညီပေးနိုင်ပြီး ကျန်ရှိနေတဲ့ စစ်ဘေးရှောင် ၈၀၀ ကျော်အတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ အရေးပေါ်လိုအပ်နေတယ်လို့ သိရပါတယ်။
ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေဟာ တောတောင်ထဲမှာဖြစ်သလို နေထိုင်စားသောက်နေရပြီး ကျေးရွာထဲလည်း ပြန်ဝင်လို့မရသေးတာကြောင့် လိုအပ်တဲ့စားနပ်ရိက္ခာတွေကို တတ်နိုင်သလောက် ဝိုင်းဝန်းကူညီပေးကြဖို့ တိုက်တွန်းထားပါတယ်။
တနင်္သာရီတိုင်းမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ နှစ်ဖက်တိုက်ပွဲတွေအပြင် လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသူ ၆၈၀၀၀ ကျော်အထိ ရှိလာတယ်လို့ ဒေသတွင်းသုတေသနအဖွဲ့ဖြစ်တဲ့ FE5 Thanintharyi က ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-တွဲလက်ညီညီ စစ်ရှောင်ကူညီရေးအဖွဲ့