ဆိုးလ်၊ ဇန်နဝါရီ ၆

မြောက်ကိုရီးယားက သူတို့ရဲ့ အရှေ့ဖက် ကမ်းလွန်ပင်လယ်ထဲသို့ ဇန်နဝါရီ ၆ ရက် မနက်ပိုင်းမှာ ပဲ့ထိန်း ဒုံးကျည်တစ်စင်း ပစ်လွှတ်ခဲ့ပြီး ဒီလက်နက် စမ်းသပ်မှုဟာ တောင်ကိုရီးယားမှာ နိုင်ငံရေး ဗရုန်းသုန်းကား ဖြစ်နေချိန်နဲ့အတူ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ရဲ့ ဆိုးလ်မြို့ ခရီးစဉ်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

အဲဒီ လက်နက် စမ်းသပ်မှုကို တောင်ကိုရီးယား စစ်တပ်က အတည်ပြုထားပြီး ဂျပန် ကမ်းခြေစောင့်တပ်က မြောက်ကိုရီးယား ပစ်လွှတ်လိုက်တာလို့ ယုံကြည်ရတဲ့ ဒုံးကျည် တစ်စင်း ရေပြင်ထဲ ကျဆင်းသွားတယ်လို့ ပြောကြားထားပါတယ်။

ဇန်နဝါရီ ၆ ရက် မနက်ပိုင်းက ဝန်ကြီးဘလင်ကန်ဟာ တောင်ကိုရီးယား ယာယီသမ္မတ ချိုဆန်မော့ခ်နဲ့ တွေ့ဆုံခဲ့ပြီး အမေရိကန်အနေနဲ့ တောင်ကိုရီးယားကို ကာကွယ်ပေးရေး ကတိအတိုင်း ဆက်လက် ရပ်တည်သွားမယ်လို့ အလေးထား ပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ ဖြစ်လာနိုင်တဲ့ ရန်စမှုတွေကို တားဆီးရေး မိမိတို့ နှစ်နိုင်ငံကြား သံတမန်ရေးနဲ့ လုံခြုံရေးအရ အနီးကပ် ဆက်သွယ်မှု ပြုလုပ်ဖို့လည်း ဝန်ကြီး ဘလင်ကန်က တိုက်တွန်းခဲ့ကြောင်း တရားဝင် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တောင်ကိုရီးယား သမ္မတ ယွန်ဆွတ်ယိုလ်က ဒီဇင်ဘာ ၃ ရက်မှာ စစ်အုပ်ချုပ်ရေးဥပဒေ ကြေညာခဲ့ပြီးနောက် ဒီဇင်ဘာ ၁၄ ရက်မှာ တာဝန်က ရပ်ဆိုင်းခံခဲ့ရပါတယ်။

သမ္မတ ယွန်ဆွတ်ယိုလ်ကို ဖမ်းဆီးနိုင်ဖို့ တောင်ကိုရီးယား စုံစမ်း စစ်ဆေးရေးမှူးတွေက ကြိုးပမ်းနေပေမယ့် လုံခြုံရေး အကြီးအကဲက ဖမ်းဆီးခွင့် မပေးဘဲ တားမြစ်နေတယ်လို့ သိရပါတယ်။

စုံစမ်း စစ်ဆေးရေးမှူးတွေက သမ္မတဟောင်း ယွန်ဆွတ်ယိုလ်အတွက် ထုတ်ထားတဲ့ ဖမ်းဝရမ်းကို သက်တမ်းတိုးဖို့လည်း ကြိုးပမ်းနေကြပါတယ်။

စစ်အုပ်ချုပ်ရေးဥပဒေ ကြေညာမှုနဲ့အတူ တောင်ကိုရီးယားမှာ နိုင်ငံရေး ဗရုန်းသုန်းကား ဖြစ်နေပြီလို့ မြောက်ကိုရီးယားက ပြောဆိုထားပါတယ်။

မြောက်ကိုရီးယားက ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက်မှာ သူတို့ရဲ့ အရှေ့ဖက် ကမ်းလွန်သို့ တာတိုပစ် ပဲ့ထိန်း ဒုံးကျည် ၅ စင်းထက် မနည်း ပစ်လွှတ်ခဲ့ပြီးနောက် အခု ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်မှုဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

တောင်နဲ့ မြောက် ကိုရီးယားနှစ်နိုင်ငံကြား တင်းမာမှု မြင့်တက်နေချိန် တောင်ကိုရီးယားမှာ နိုင်ငံရေး မရေရာမှုတွေ ဖြစ်ပေါ်နေပြီး မြောက်ကိုရီးယားက ရန်စမှုတွေ ပိုလုပ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ထွက်ပေါ် နေပါတယ်။

Ref:Reutres

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.