ဆိုးလ်၊ ဇန်နဝါရီ ၂

ယာဉ်ပေါ်ပါသူ ၁၇၉ ဦး သေဆုံးခဲ့တဲ့ ဘိုင်းရင်း ၇၃၇-၈၀၀ အမျိုးအစား လေယာဉ်ပျက်ကျမှုနဲ့ ပတ်သက်လို့ ဂျယ်ဂျူးလေကြောင်းလိုင်းရုံးခန်းကို ဇန်နဝါရီ ၂ ရက် မနက်ပိုင်းမှာ တောင်ကိုရီးယား ရဲတပ်ဖွဲ့က ဝင်ရောက် စီးနင်းခဲ့ပါတယ်။

အဲဒီ ဂျယ်ဂျူး လေကြောင်းလိုင်းခရီးစဉ် အမှတ် ၂၂၁၆ လေယာဉ်ဟာ ဒီဇင်ဘာ ၂၉ ရက်မှာ ထိုင်းနိုင်ငံကနေ တောင်ကိုရီးယားသို့ လူ ၁၈၁ ဦးကို တင်ဆောင်ပြီး ပျံသန်းလာခဲ့တာ ဖြစ်ပါတယ်။

လေယာဉ် အရေးပေါ် အခြေအနေ ကြုံနေရကြောင်း အချက်ပြပြီးနောက် အဲဒီ လေယာဉ်ဟာ ဝမ်းဗိုက်ပိုင်းနဲ့ ဆင်းသက်ခဲ့ရပြီး နံရံအတားအဆီးကို ဝင်တိုက်မိတာကြောင့် ပေါက်ကွဲ မီးလောင်သွားခဲ့ပါတယ်။

လေယာဉ် အမှုထမ်း နှစ်ယောက်ကလွဲလို့ ယာဉ်ပေါ်မှာ လိုက်ပါလာသူ အားလုံး သေဆုံးခဲ့ပါတယ်။

အဲဒီ အသက်ရှင်ကျန်ရစ်သူ လေယာဉ် အမှုထမ်း နှစ်ယောက်ကိုလည်း မီးတောက်တွေကြားထဲက ဆွဲထုတ်ပြီး ကယ်တင်ခဲ့ရတာ ဖြစ်ပါတယ်။

တောင်ကိုရီးယားအစိုးရနဲ့ အမေရိကန်အခြေစိုက် ဘိုင်းရင်းကုမ္ပဏီစုံစမ်း စစ်ဆေးသူတွေက နိုင်ငံ အနောက်တောင်ပိုင်း မူအန်ဒေသရှိ လေယာဉ် ပျက်ကျရာနေရာကို ပိုက်စိပ်တိုက် ရှာဖွေခဲ့ကြပြီး ခရီးစဉ် မှတ်တမ်းတင် ကိရိယာ နှစ်ခုလုံးကို ရှာတွေ့ထားပါတယ်။

ဇန်နဝါရီ ၂ ရက် မနက် ၉ နာရီမှာ မူအန်လေဆိပ်နဲ့ ဂျယ်ဂျူးလေကြောင်းလိုင်းရဲ့ရုံး အပါအဝင် နေရာ သုံးနေရာမှာ စီးနင်းရှာဖွေမှု စစ်ဆင်ရေးတွေ ပြုလုပ်ခဲ့တယ်လို့ တောင်ကိုရီးယား ရဲတပ်ဖွဲ့က ကြေညာချက် ထုတ်ပြန်ပါတယ်။

လေယာဉ် ပျက်ကျမှု ဖြစ်ပြီးနောက် တောင်ကိုရီးယားနိုင်ငံမှာ ရှိတဲ့ ဘိုင်းရင်း ၇၃၇-၈၀၀ အမျိုးအစား လေယာဉ် တွေအားလုံးကို စုံစမ်း စစ်ဆေးဖို့ ညွှန်ကြားထားပြီး အထူးသဖြင့် အဆင်းဘီးကို စစ်ဆေးနေပါတယ်။

တောင်ကိုရီးယားမှာ အဲဒီ အမျိုးအစား လေယာဉ် ၁၀၁ စီးရှိပြီး လေကြောင်းလိုင်း ၆ လိုင်းက အသုံးပြုနေတာ ဖြစ်တယ်လို့ အရာရှိတွေက ပြောပါတယ်။

ဒီဇင်ဘာ ၂၉ ရက်မှာဖြစ်ခဲ့တဲ့ လေယာဉ်ပျက်ကျမှုဟာ တောင်ကိုရီးယား ရာဇဝင်မှာ အဆိုးရွားဆုံး လေယာဉ် ပျက်ကျမှု ဖြစ်ပါတယ်။

လေယာဉ်မှူး အခန်းထဲမှာရှိတဲ့ အသံဖမ်းကိရိယာက အသံဖိုင်တွေကို ထုတ်ယူမှု ပြီးဆုံးပြီ ဖြစ်ပေမယ့် ခရီးစဉ် မှတ်တမ်းတင်ကိရိယာ ထိခိုက် ပျက်စီးမှု ရှိတဲ့အတွက် စစ်ဆေးဖို့ အမေရိကန်နိုင်ငံဆီ ပို့ဆောင်ရမယ်လို့ တောင်ကိုရီးယား အရာရှိတွေက ပြောထားပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.