အမှန်/အမှား

++++++++++

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ဒီကနေ့မှာတော့“ရခိုင်ပြည်နယ် သံတွဲမြို့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင် အများအပြား သေဆုံးတယ်”ဆိုပြီး စစ်ကောင်စီတပ် လော်ဘီတွေ ဝါဒဖြန့်ချီနေတဲ့ အကြောင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းကို စစ်ကောင်စီတပ် လော်ဘီတွေရဲ့ လူမှုကွန်ရက်နဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ဒီဇင်ဘာ ၂၆ ရက်နေ့က ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။

ဖြစ်စဉ်မှာတော့ စစ်ကောင်စီလေတပ်က ဒီဇင်ဘာ ၂၃ ရက်နေ့မှာ သံတွဲမြို့ လူနေရပ်ကွက်တစ်ခုထဲ ဗုံးကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံအရပ်သားအမျိုးသား တစ်ဦး သေဆုံးပြီး အမျိုးသမီး ၄ ဦး အပါအဝင် ၆ ဦး ဒဏ်ရာရရှိသွားခဲ့တယ်လို့ ရခိုင်အခြေ စိုက် ဒေသတွင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

သေဆုံးသွားသူမှာ သံတွဲမြို့ ညောင်ပင်ဈေးရပ်ကွက်က အသက် ၄၁ နှစ်အရွယ် ဦးဖိုးကျော်ဖြစ်ပြီး ဒဏ်ရာရသူတွေကတော့ ရပ်ကွက်နေ မခင်ခင်နွယ်၊ ဒေါ်မလုံး၊ ဦးသန်းဝင်း၊ သမုတ်ချောင်းကျေးရွာက ဦးအောင်သိန်းတန်၊ မအေးအေးသန်းနဲ့ မနွယ်နွယ်တို့ဖြစ်တယ်လို့ သံတွဲမြို့ခံတွေကို မေးမြန်းကာ ဒေသတွင်းသတင်းဌာနတစ်ခုဖြစ်တဲ့ နိရဉ္စရာက ဖော်ပြထားပါတယ်။

သံတွဲမြို့ကို စစ်ကောင်စီဘက်က လေကြောင်းဗုံးကြဲမှု ဆက်တိုက်လုပ်ဆောင်နေတာကြောင့် ဒီဇင်ဘာ ၁၇ ရက်ကနေ ၂၃ ရက်အတွင်း အရပ်သား ၁၁ ဦးအထိ ထိခိုက်သေဆုံးခဲ့ရပြီး မြို့ထဲမှာရှိနေတဲ့ ဒေသခံတွေလည်း ကြောက်ကြောက်လန့်လန့်နဲ့ နေနေကြရတယ်လို့ ဒေသခံတွေက DMG သတင်းဌာနကို ပြောထားပါတယ်။

နိရဉ္စရာ သတင်းဌာနကဖော်ပြထားတဲ့လင့်

https://shorturl.at/TB561

DMG ကဖော်ပြထားတဲ့လင့်

https://shorturl.at/H6STx

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.