ဘေဂျင်း၊ သြဂုတ် ၁၂

အီရန်ရဲ့ အချုပ်အခြာ အာဏာ၊ လုံခြုံရေးနဲ့ နိုင်ငံတော် ဂုဏ်သိက္ခာ အတွက် ခုခံကာကွယ်ရာမှာ တီဟီရန်ကို တရုတ်က ထောက်ခံကြောင်း သြဂုတ် ၁၁ ရက်က ဖုန်းခေါ်ဆိုမှု တစ်ရပ်အတွင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက အီရန် ယာယီ နိုင်ငံခြားရေးဝန်ကြီးကို ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်က တီဟီရန်မြို့မှာ ဟားမာ့စ် အကြီးအကဲ အစ္စမေးလ် ဟာနီယာကို လုပ်ကြံ သတ်ဖြတ်မှုနဲ့ ပတ်သက်လို့ ဘေဂျင်းက ရှုတ်ချကြောင်း ဝန်ကြီး ဝမ်ယိက ထပ်မံ ပြောကြားခဲ့ပြီး အဲဒီ တိုက်ခိုက်မှုဟာ အီရန်ရဲ့ အချုပ်အခြာအာဏာကို ချိုးဖောက်တာ ဖြစ်ပြီး ဒေသဆိုင်ရာ တည်ငြိမ်မှုအပေါ် အန္တရာယ် ကျရောက်စေတယ်လို့ ပြောကြားခဲ့ပါတယ်။

ဟာနီယာ သေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှုဟာ အစ္စရေးရဲ့ လက်ချက် ဖြစ်တယ်လို့ အီရန်နဲ့ ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ ဟားမာ့စ်တို့က စွပ်စွဲထားပြီး လက်စားချေမယ်လို့ ကြွေးကြော်ထားပါတယ်။

အဲဒီ သတ်ဖြတ်မှုတွေ အတွက် အစ္စရေးက ဝန်ခံတာမျိုးလည်း မရှိသလို ငြင်းဆိုထားတာလည်း မတွေ့ရပါဘူး။

ဒီလုပ်ကြံသတ်ဖြတ်မှုတွေကြောင့် ဂါဇာက အစ္စရေးနဲ့ ဟားမာ့စ် စစ်ပွဲဟာ ပိုကျယ်ပြန့်တဲ့ ဒေသဆိုင်ရာ စစ်ပွဲ တစ်ပွဲ ဖြစ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက်လာစေခဲ့ပါတယ်။

ဟာနီယာကို လုပ်ကြံ သတ်ဖြတ်မှုကြောင့် ဂါဇာ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှု လုပ်ငန်းစဉ်တွေ၊ ဒေသဆိုင်ရာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို အားလျော့စေတယ်လို့ အီရန် ယာယီ နိုင်ငံခြားရေးဝန်ကြီး အလီ ဘာဂါရီ ခါနီကို ဝန်ကြီး ဝမ်ယိက ပြောကြားထားပါတယ်။

အီရန်နဲ့ အနီးကပ်မဟာမိတ် တရုတ်အနေနဲ့ အသင့်ရှိနေပြီး ဒေသဆိုင်ရာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး အတွက် တီဟီရန်အစိုးရရဲ့ ကြိုးပမ်းမှုတွေကို တရုတ်က ထောက်ခံကြောင်း ဝန်ကြီး ဝမ်ယိက ပြောကြားခဲ့တယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အီရန် သမ္မတ မာဆောက် ပီဇက်ခီယန်က အဘတ်စ် အာရက်ချီကိုနိုင်ငံခြားရေးဝန်ကြီး အဖြစ် သြဂုတ် ၁၁ ရက်မှာ အမည်စာရင်း တင်သွင်းခဲ့ပါတယ်။

အာရက်ချီဟာ ၂၀၁၃ ခုနှစ် ကနေ ၂၀၂၁ ခုနှစ် အထိ နျူကလီးယား ဆွေးနွေးမှုတွေမှာ အီရန် ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ခဲ့သူ ဖြစ်ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.